spot_img
Tuesday, May 7, 2024
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် မွန်ပြည်နယ်တွင် လုံခြုံရေး ပိုတင်းကြပ်ထား

    တိုက်ပွဲကြောင့် မွန်ပြည်နယ်တွင် လုံခြုံရေး ပိုတင်းကြပ်ထား

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၁၅၊ ၂၀၂၃။

    နိုင်ငံအနှံ့တွင် စခန်းသိမ်းတိုက်ပွဲ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုအားကောင်းသည့်မြို့နယ်တို့တွင် စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကြပ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားအားကောင်းသည့် ကျိုက်ထို၊ ဘီလင်း၊ သထုံနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီက လုံခြံရေး တိုးမြင့်ထားပြီး စစ်ဆေးရေးဂိတ်တို့တွင်လည်း ဘန်ကာ၊ သဲအိတ်၊ ကတုတ်ကျင်းများတူးပြီး အကာအကွယ်အပြည့် ပြုလုပ်ထားကြောင့် ဒေသခံတို့ထံမှ သိရသည်။

    လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ချောင်းနှစ်ခွနှင့် ဆက်စပ်သည့် မုဒုံမြို့ အဝင်အထွက်နေရာတို့တွင် စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်ထားပြီး မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေလည်းရှိနေသည်ဟု မုဒုံမြိုခံတို့ထံမှ သိရသည်။

    “အဖွဲ့စုံနဲ့ကို စစ်တာ အခုက အဓိက မြို့အဝင် အထွက်နေရာတွေ ချောင်းနှစ်ခွ သွားတဲ့ဘက်မှာ နောက် မော်လမြိုင်ဘက်အထွက် အဲလိုနေရာတွေမှာ အဖွဲ့စုံနဲ့ စစ်တာ။ မြို့ပေါ်မှာလည်း စစ်တာရှိတယ် ဒါပေမယ့် အဲဒါက လိုရင် လိုသလိုစစ်တာ အဲလိုရှိတယ်။ အခုက ပိုစစ်လာတာပေါ့ အဓိက အဝင်အထွက်တွေကို စစ်တာ မှတ်ပုံတင်စစ်တယ်၊ ဘယ်သွား၊ ဘယ်ကလာ မေးတယ်။ မသင်္ကာတဲ့လူဆို ခေါ်ထားပြီး စစ်တယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

    ချောင်းနှစ်ခွဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မုဒုံမြို့ဘက်သို့ တိုက်ပွဲ ကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်လို့ စစ်ကောင်စီက ယခုလို လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုပါ တင်းကြပ်ထားခြင်းဖြစ်နိုင်သည်ဟု မြို့ခံတို့က သုံးသပ်ပြောဆိုသည်။

    ၎င်းပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားကောင်းပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် သထုံခရိုင်းအတွင်း၌လည်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်ပိုင်းမှာ လိုခြုံရေး ပိုပြီး တင်းကြပ်ထားတယ်။ စစ်ဆေးမှုတွေလည်း များလာတယ်။ သထုံ၊ ဘီလင်း သွားရင်တောင် မှတ်ပုံတင်ကို scan ဖတ်ပြီး စစ်တယ်။ အရင်က စစ်တာတွေရှိပေမယ့် အခုလို မဟုတ်ဘူး။ ဒီရက်ပိုင်း ပိုတင်းကြပ်လာတယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။

    အလားတူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း၌လည်း ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်တို့မှ လုံခြုံရေး တင်းကြပ်ထားကြောင်း ညပိုင်းတွင်လည်း ကင်းလှည့်တာတွေလည်း ပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။

    လက်ရှိတွင် ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ထားနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။

    ချောင်းနှစ်ခွအပါအဝင် နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် စခန်းသိမ်းတိုက်ပွဲကဲ့သို့ မွန်ပြည်နယ်အတွင်းက စစ်ရေးလှုပ်ရှားမှု အားကောင်းနေသည့် မြို့နယ်တို့တွင်လည်း စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts