spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ရော်ဘာခြံလုပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရ

    ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ရော်ဘာခြံလုပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရ

    -

    နိုဝင်ဘာ ၁၃၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီးတွင် ရော်ဘာခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က သစ်ဆိမ့်ပင်ကျေးရွာ၊ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်း ခြံအမှတ်(၁၀၂) အနီးတွင် ရော်ဘာအစေးခြစ်သွားသည့် အသက် ၁၈ အရွယ် မောင်ဝေလင်းထွန်းဆိုသူ မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

    မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် မောင်ဝေလင်းထွန်းသည် ယာခြေဖဝါး ကြေမွဒဏ်ရာ၊ ဝဲခြေသလုံးနှင့် ဝဲလက်ဖဝါးပေါက်ပြဲ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်း ခြံအမှတ်(၁၀၂) အနီးတွင် အသက် ၅၀ နှစ်အရွယ် ရော်ဘာခြံလုပ်သား ဦးဝင်းဇော် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သေးသည်။

    “ဟိုတလောကပဲ အဲဒီနေရာမှာ မြေမြှုပ်မိုင်းပေါက်ထားလို့ လူတွေ စိုးရိမ်နေကြတာ၊ ဒီမှာက မိသားစုစာဝတ်နေရေးအတွက် ရော်ဘာအစေးခြစ်တာ အများကြီးပဲ၊ ဒီတစ်ခေါက်ထိတဲ့သူကတော့ ခြေထောက်ဖြတ်ရမယ်လို့ ပြောတာ ကြားရတယ်”လို့ သစ်ဆိမ့်ပင်ဒေသခံတစ်ဦးက ပြောသည်။

    မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မောင်ဝေလင်းထွန်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနှင့် သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

    မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားနေသည့် သစ်ဆိမ့်ပင်ကျေးရွာအနီးတဝိုက်တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးဖို့ ဒေသခံတို့က လိုလားနေကြသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း သထုံမြို့နယ် ကင်မွန်းချုံကျေးရွာတွင် နွားစာမြက်ရိတ်သွားသည့် လူငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည်။

    မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်ရေးလှုပ်ရှားမှုပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေးမြို့နယ်တို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks