spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းNCA မဟုတ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်သစ်

    NCA မဟုတ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်သစ်

    -

    နာဲကဆုမွန်

    အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်သည့် NCA ၈ နှစ်မြောက်အခမ်းအနားသို့ တက်ရောက်သည့် အနည်းငယ်သော တိုင်းရင်းသားခေါင်းဆောင်များ (ဓာတ်ပုံ – AFP)

    (က) NCA စာချုပ်ကို ဘယ်လို ချိုးဖောက်ခဲ့သလဲ

    NCA စာချုပ်၏ သမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ကြည့်ပါစို့။ ၂၀၁၂-၂၀၁၅ အတွင်း သမ္မတကြီးဦးသိန်းစိန် လက်ထက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရသက်တမ်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့ကို Bi-letteral အပစ်ရပ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ဒေသအလိုက်/ပြည်နယ်အလိုက် (USDP) အစိုးရနှင့်အတူ တပ်မတော်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တို့ အားလုံးစုပေါင်း၍  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ရေးဆွဲခဲ့ကြသည်။ NCA မှတဆင့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာပြီး နိုင်ငံရေးပြဿနာဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း NCA သဘောတူစာချုပ်ကို တကယ်တမ်းလက်မှတ်ရေးထိုးသည့်အခါ (EAOs) အများစုမပါဝင်ဘဲ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် အဖွဲ့ (၈) ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

    ဦးသိန်းစိန်အနေဖြင့် ၎င်းအစိုးရလက်ထက်အတွင်း  NCA စာချုပ်ကို အလောတကြီး ရေးဆွဲပြဌန်းခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)များနှင့် ဗမာ့တပ်မတော်ကြား သဘောတူညီမှုက ပိုမိုအဓိကကျကြောင်း ပြောရပေမည်။ NCA စာချုပ်တွင် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော် ထူထောင်ရန် ရေရှည်ပန်းတိုင် ချမှတ်ထားသည်။ ဒီမိုကရေစီ (Democratic) နိုင်ငံရေးစနစ်ကို ကျင့်သုံးပြီး နိုင်ငံတည်ဆောက်သည့်ပုံစံမှာ ဖက်ဒရယ်ပြည်ထောင်စု (Federal Union) အဖြစ် ပုံဖော်ကာ ရည်မှန်းချက် ထားရှိခဲ့ကြသည်။

    ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မြောက်သေးချိန် လတ်တလောတွင် နှစ်ဖက်တပ်အနေဖြင့် တဖက်နှင့်တဖက် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကိုလည်း NCA စာချုပ်တွင် တပါးတည်း ထည့်သွင်းရေးဆွဲထားသည်။ သက်ဆိုင်ရာ တပ်ဖွဲ့များအနေဖြင့် သတ်မှတ်ထားသည့် နယ်မြေဧရိယာပြင်ပသို့ ကျော်လွန်လှုပ်ရှားမှုမပြုရန် ပါရှိသည်။ NCA ပါ ပြဌာန်းချက် အခန်းတစ်ခန်းတွင် စစ်တပ်သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း ရေးသားထားသည်။ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်ရှိသော် ပြည်သူများ နေထိုင်သည့်နေရာတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများ မီးရှို့ဖျက်ဆီးခြင်း   စသည့် စစ်ရေးပစ်မှတ်များ  မပြုလုပ်ရန် တားဆီးထားသည်။ ပြည်သူများအပေါ် ထိခိုက်ခြင်းက တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးကို ကျူးလွန်ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း နားလည်နိုင်သည်။

    ယနေ့အချိန်တွင် စစ်ကောင်စီတပ်(ဗမာ့တပ်မတော်)က ပြည်သူများအပေါ် မည်ကဲ့သို့သော ချိုးဖောက်မှုများ ကျူးလွန်ထားပါသနည်း။ စစ်ခေါင်းဆောင် ‘မင်းအောင်လှိုင်’ က အထက်တွင် အမိန့်ပေး၍ စစ်တပ်က တနိုင်ငံလုံးကို ပစ်ခတ်တိုက်ခိုက်နေခြင်း ဟုတ်၏ မဟုတ်၏ ဆန်းစစ်ကြည့်ကြပါစို့။

    ၁။ ဒီမိုကရေစီအရေး ဆန္ဒပြလှုပ်ရှားသူ ပြည်သူအပေါင်းတို့ကို  စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့သည် မဟုတ်ပါသလား။ မတရားဖမ်းဆီးထိန်းသိမ်းပြီး ထောင်သွင်းအကျဉ်းချခဲ့သည် မဟုတ်ပါသလား။ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့သည် မဟုတ်ပါသလား။ ဤကျူးလွန်မှုများက NCA ချိုးဖောက်ခြင်း ဖြစ်သည်။ ပြည်သူတို့၏ ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုမှု၊ တိုင်းရင်းသားလူမျိုးစုတို့၏ တိုင်းရင်းသားအခွင့်အရေး ကြွေးကြော်မှု စသည့် ဆန္ဒပြတောင်းဆိုမှုအပေါ် အဆိုပါအကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် စစ်ကောင်စီက NCA စာချုပ် ချိုးဖောက်သူ ဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ထင်ရှားသည်။

    ၂။ နောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(PDFs)၏ တော်လှန်ပုန်ကန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက ၎င်းတို့တပ်စခန်းအပြင်ဘက်ပင် မထွက်ရဲတော့သည့် အခြေအနေရောက်လာသည်။ ပြင်ပတနေရာတွင် (PDFs) တို့၏ စစ်ဆင်ရေးအသံကို ကြားသည်နှင့်တပြိုင်နက် ကြောက်လန့်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ကြသည်။ ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်များသည် လူနေအိမ်ပေါ်သို့ ကျရောက်ပြီး အပစ်မဲ့ပြည်သူများကို ထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိစေသည်။ အချို့ကား သေဆုံးသွားကြသည်။ ဤအချက်သည်လည်း စစ်ကောင်စီက NCA ပါ ပြဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်ခြင်း ဖြစ်သည်။

    ၃။ နောက်ဆုံးအချက်ကား အဆိုးဆုံး ဖြစ်သည်။ စစ်ကောင်စီတပ်တို့သည် တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ်ကို အသုံးပြုပြီး ပြည်သူများနေထိုင်သည့် နေရာတွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်။ ၂၀၂၃ နှစ်လည်ပိုင်းတွင် စစ်ကိုင်းတိုင်းရှိ ကျေးရွာတစ်ရွာ၌ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူများ (၂၀၀) ခန့် သေဆုံးခဲ့ရသည်။ မကြာသေးမီ အချိန်တွင်လည်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီး စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ပြီး ခလေးငယ်များအပါအဝင် ပြည်သူပေါင်း (၃၀) ကျော် သေဆုံးသွားသည်။ ယခုတင်ပြထားသည့် အချက်အလက်အားလုံးသည် စစ်ကောင်စီ၏ NCA ချိုးဖောက်မှုဥပမာများ ဖြစ်ကြသည်။

    စစ်ကောင်စီ၏ NCA ချိုးဖောက်မှုအဝဝကို NCA (၈) နှစ်ပြည့်ပွဲ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ အဘယ့်ကြောင့် နှုတ်ဆိတ်နေကြပါသနည်း။ စစ်ကောင်စီ၏ NCA ချိုးဖောက်မှုကို လက်ခံနေခြင်းလော သို့မဟုတ် စစ်ကောင်စီကို သေတပန်သက်တဆုံး ထောက်ခံမှုပြုသွားမည်လော။

    စစ်ကောင်စီ တပ်သားများမှ မီးတင်ရှို့ လိုက်သည့် ကချင်ရွာတရွာ (ဓာတ်ပုံ – Irrawaddy)

    (ခ) NCA အမြတ်ထုတ်လိုက်သော စစ်ကောင်စီ

    NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ထဲတွင် (၃) ဖွဲ့က NCA ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာထားသည်။ ၎င်းအဖွဲ့ (၃) ဖွဲ့မှာ ၁။ ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union) ၂။ ချင်းအမျိုးသားတပ်ဦး (CNF – Chin National Front) ၃။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားများတပ်ဦး (ABSDF – All Burma Students Democratic Front) တို့ ဖြစ်ကြသည်။ NCA ပါ ပြဌာန်းချက်များကို စစ်ကောင်စီက ချိုးဖောက်ခြင်းကြောင့် စာချုပ်ပျက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

    သို့သည့်တိုင် ‘မင်းအောင်လှိုင်’ ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက NCA ကို ဖက်တွယ်ထားသည်။ NCA စာချုပ်ပျက်ပြယ်မှု မရှိသေးကြောင်း၊ တည်ရှိနေသေးကြောင်း ဖော်ပြလိုသောဆန္ဒဖြင့် NCA (၈) နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြသည်။ စစ်ကောင်စီကို ထောက်ခံအားပေးသည့် ပြည်တွင်းပြည်ပမှ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းအချို့က တက်ရောက်ကြသည်။ အဆိုပါအခမ်းအနားကို မည်သို့ပင် ပြုလုပ်နေကာမူ NCA လက်မှတ်ရေးထိုးစဉ်တွင် အသိသက်သေအဖြစ် ပါဝင်ခဲ့သည့် အနောက်နိုင်ငံများအပါအဝင် ကမ္ဘာ့ကုလသမ္မဂအဖွဲ့တို့က မတက်ရောက်ဘဲ စစ်ကောင်စီ၏ NCA (၈) နှစ်ပြည့်အခမ်းအနားကို ယတိပြတ် သပိတ်မှောက်ခဲ့ကြသည်။ မြန်မာနှင့် နယ်စပ်ချင်းထိစပ်ပြီး အကျိုးစီးပွားအရ ရှောင်လွှဲရန်မလွယ်ကူသော ထိုင်း၊ တရုတ်နှင့် အန္ဒိယတို့ကသာ တက်ရောက်လာသည်ကို တွေ့ရသည်။

    ကုလသမ္မဂအဖွဲ့အစည်းကြီး (UN)နှင့် အနောက်နိုင်ငံအုပ်စုတို့ NCA (၈) နှစ်ပြည့်အခမ်းအနား မတက်ရောက်သည့် အကြောင်းရင်းကား ရှင်းလင်းပါသည်။ စစ်ကောင်စီ၏ စစ်ရာဇဝတ်ချိုးဖောက်မှုများကြောင့် NCA စာချုပ် ပျက်ပြီဟု ၎င်းတို့အနေဖြင့် ယူဆလိုက်ခြင်း ဖြစ်သည်။

    နောက်ထပ်အရေးကြီးသည့်အချက် ရှိသေးသည်။ NCA အသက်ဝင်သည်ဟု ဆိုနိုင်အောင် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲတွင် အဓိကပါဝင်ရမည့် Stake Holders (၅) ဖွဲ့၏ တည်ရှိမှုကိုလည်း ဆန်းစစ်ရပေမည်။ ထိုအချိန်က အစိုးရအဖွဲ့၊ လွှတ်တော်၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ (၅)ပွင့်ဆိုင် ပါဝင်ခဲ့ကြသည်။ သက်ဆိုင်ရာအစုအဖွဲ့အားလုံးတို့၏ သဘောတူညီမှုဖြင့်သာ NCA စာချုပ်ကို နိုင်ငံတကာအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

    ယခုလက်ရှိအခြေအနေအရ အဆိုပါ (၅) ပွင့်ဆိုင်ထဲတွင် တပ်မတော်(စစ်ကောင်စီ)မှ လွဲ၍ အခြားအစုအဖွဲ့များကို လောက်လောက်လားလား ပြစရာမရှိတော့ပါ။ ၂၀၂၁ စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ အစိုးရအဖွဲ့နှင့် လွှတ်တော်ကို သေနတ်ပြကာ ရုတ်သိမ်းလိုက်သည်။ နိုင်ငံရေးပါတီအချို့ကို ဖျက်သိမ်းသည်။ ကျန်ရှိနေသော ပါတီများကိုလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး မှတ်ပုံတင်အသစ် ပြန်လည်ပြုလုပ်ခိုင်းသည်။ ထို့ကြောင့် နိုင်ငံရေးပါတီအများစုက ရပ်တည်နိုင်ခြင်း မရှိတော့ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)ဘက် ကြည့်လိုက်သည့်အခါတွင်လည်း NCA လက်မှတ်ရေးထိုးထားခဲ့သည့် (၁၀) ဖွဲ့ပင် မမြဲတော့ဘဲ (၇) ဖွဲ့သာ ကျန်ရှိတော့သည်။ အားလုံးပါဝင်မှု (All Inclusive) မဖြစ်နိုင်တော့ပါ။ နောက်ဆုံးတွင် တပ်မတော်အစုအဖွဲ့(စစ်ကောင်စီ)တခုတည်းသာ ကျန်ရစ်ပြီး ၎င်းတို့စိတ်ကြိုက် တဖက်သတ် ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ပွဲကြီးက မည်ကဲ့သို့ ဖြစ်ထွန်းမည်နည်း။ အောင်မြင်စရာတကွက်မျှ မရှိတော့ပေ။

    NCA အခမ်းအနားတွင် မိန့် ခွန်းပြောကြားသည့် မင်းအောင်လှိုင်

    အဘယ့်ကြောင့် စစ်ကောင်စီက NCA တည်ရှိမှုကို အသည်းအသန် ပြုလုပ်ပြနေပါသနည်း။ ရှင်းပါသည်။ အကြမ်းဖက် စစ်ခေါင်းဆောင်တို့က NCA စာချုပ်ကို အသုံးချပြီး ၎င်းတို့အား ထောက်ခံအားပေးနေသည့် EAOs အဖွဲ့အချို့နှင့် လက်ဝါးချင်းချိတ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်နေသည်ဟုဆိုကာ နိုင်ငံတကာကို လိမ်လည်လှည့်ဖျားရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ အဓိကသော့ချက်အနေဖြင့် NCA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှတဆင့် ဆင်းသက်လာသော စာချုပ်ဖြစ်သည်။ ယင်းသို့ဖြစ်သည့်အလျောက် NCA ရှင်သန်နေသမျှကာလပတ်လုံး ၎င်းတို့၏ မဟာတံတိုင်းကြီးဖြစ်သော ၂၀၀၈ အခြေခံဥပဒေစာအုပ်ကြီးကလည်း တည်မြဲမည်ဖြစ်ပြီး မြန်မာပြည်ကို အစဉ်ထာဝရ အုပ်စိုးလိုသည့် စစ်အာဏာရှင်တို့၏ လှည့်ကွက်အကြံဆိုးကြီးသာ ဖြစ်ပါကြောင်း၊ NCA အပေါ် အမြတ်ထုတ်မှုကိ  ရှင်းလင်းစွာ မြင်တွေ့ရသည်။

    (ဂ) ငြိမ်းချမ်းရေးလမ်းစဉ်သစ်

    NCA နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် ငြိမ်းချမ်းရေးလမ်းကြောင်းက အလုပ်မဖြစ်တော့သည်ကို သဘောပေါက်ကြလေပြီ။ NCA စာချုပ်ကို ချိုးဖောက်ထားသော အကြမ်းဖက်စစ်အုပ်စုတို့ ကမကထပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက ကောင်းမွန်သည့် နိုင်ငံရေးရလဒ်ထွက်ရှိရန် မည်သို့မျှ မဖြစ်နိုင်ပေ။ NCA ရေစုန်အတိုင်း လိုက်ပါစီးမျောကြမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှလွဲ၍ စစ်ကောင်စီနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် မည်သည့်အဖွဲ့မှ လက်ခံနိုင်မည် မဟုတ်တော့ချေ။

    နောက်ထပ်ဆင်ခြင်စရာတစ်ခုကား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်သည့်အခါတိုင်း နေပြည်တော်တွင်သာ တွေ့ဆုံ ဆွေးနွေးလေ့ ရှိကြသည်။ အဆိုပါနေရာသည် စစ်ကောင်စီ၏ အာဏာဗဟိုချက်မအောက်တွင် တည်ရှိခြင်းကြောင့် မြန်မာမင်းနေပြည်တော်၏ လောင်းရိပ်အောက်သို့ လက်နက်ချဝင်ရောက်သွားသည်နှင့် အတူတူပင် ဖြစ်သည်။ ဗမာစစ်တပ် သြဇာညောင်းသည့် နေရာတွင် တွေ့ဆုံဆွေးနွေးမည်ဆိုပါက  ၎င်းတို့၏ ၂၀၀၈ အခြေခံဥပဒေ အောက်က အမိန့်ပေးမှုကို မလွဲမသွေ ခံယူရပေလိမ့်မည်။

    မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ဆွေးနွေးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် မလွယ်ကူသေးပါ။ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်နေသည့် ကာလဖြစ်သည်။ စစ်ကောင်စီအနေဖြင့် တော်လှန်ရေး အင်အားစုဟူသမျှကို စစ်ရေးအရ ဆက်လက်တိုက်ခိုက်ကာ ဖြိုခွဲနေသည်။ ၎င်းတို့စစ်ဆင်ရေး ပြုလုပ်ရာတွင်လည်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု များပြားလွန်းသည်။ လူနေအိမ်မြို့ရွာများ မီးလောင်ပျက်စီး ဆုံးရှုံးရသည်။ ထို့ကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာာကွယ်ရေးအဖွဲ့တို့အနေဖြင့် နေပြည်တော်ရှိ စစ်ကောင်စီဦးဆောင်မှုအောက်က  မည်သည့်ဆွေးနွေး ညှိနှိုင်းမှုမျိုးမဆို မည်သည့်နည်းလမ်းနှင့်မျှ လက်ခံနိုင်စရာအကြောင်း မရှိတော့ပေ။

    စစ်မီးတောက်လောင်နေသော မြန်မာပြည်တွင် နေထိုင်နေကြရသည့် ပြည်သူများက ငြိမ်းချမ်းရေးပန်း ပြန်လည် ပွင့်လန်းမည့်အချိန်ကို စောင့်မျှော်လျက် ရှိသည်။ ဤသည်မှာလည်း ပြည်သူ့အာဏာကို မတရားသဖြင့် လုယူသိမ်းပိုက်ထားသော စစ်ကောင်စီနှင့်များစွာ မှီတည်နေသည်။ ယခုဖော်ပြပါ အရေးကြီးသည့် အချက် (၃) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှသာ မြန်မာပြည်အတွက် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရန် လမ်းစပွင့်နိုင်မည်။

    ၁။ စစ်ကောင်စီတပ်(ဗမာစစ်တပ်)အနေဖြင့် တော်လှန်ရေးအင်အားစုများဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူများအပေါ် ပစ်ခတ်သတ်ဖြတ်ခြင်းကို ရပ်တန်းမှရပ်ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွတ်ယွင်းချက်မရှိ ပြန်လွှတ်ပေးရန်။

    ၂။ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲကြောင်း စစ်ကောင်စီတပ်(ဗမာစစ်တပ်)က တရားဝင် ကြေညာရမည်။ ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အာဆီယံအနေနှင့်ဖြစ်စေ၊ ကုလသမဂ္ဂအဖွဲ့အနေနှင့် ဖြစ်စေ ကမကထပြုလုပ်ပြီး နှစ်ဖက်စလုံးက လက်ခံနိုင်သည့် ‘ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့’ တစ်ခု ဖွဲ့စည်းကာ ဆောင်ရွက်ရမည်။

    ၃။ ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ လွတ်လပ်ပြီး အမှီအခိုကင်းသည့် ပြည်ပတနေရာတွင် ကျင်းပပြုလုပ်ရမည်၊ အားလုံးသဘောတူလက်ခံသည့် နေရာသာ ဖြစ်စေရမည်။ 

    မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရေဆုံးမြေဆုံး အကန့်အသတ်မဲ့ ချုပ်ကိုင်လိုသည့် ဗမာစစ်ဗိုလ်ချုပ်ကြီးများအုပ်စုက ငြိမ်းချမ်းရေးကို လိုလားသူများ မဟုတ်ကြောင်း သမိုင်းအတွေ့အကြုံက သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သည် ပြည်တွင်းစစ် နှစ်လရှည်ကြာ ထပ်မံဖြစ်ပွားပြီး ကျရှုံးနိုင်ငံ (Failed State) အဖြစ်သို့ ရောက်ရှိသွားချိန်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်လော တွေးတောရင်း အတွေးနယ်ချဲ့လိုက်ပေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts