Homeသတင်းသထုံတွင် မြေမြှုပ်မိုင်းနင်းမိပြီး လူငယ် သုံးဦး သေဆုံး

သထုံတွင် မြေမြှုပ်မိုင်းနင်းမိပြီး လူငယ် သုံးဦး သေဆုံး

-

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင်း လူငယ် သုံးဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

ကင်မွန်းချုံကျေးရွာအရှေ့ဘက်လယ်ကွင်းအတွင်း နွားစာ မြက်ရိတ်သွားသည့် မောင်ဝင်းသိုက်ထွန်းအပါအဝင် အသက် ၁၃ နှစ်အရွယ် လူငယ် သုံးဦးသည် နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီအချိန်ခန့်က မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် လူငယ် သုံးဦးသည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“မောင်ဝင်းသိုက်ထွန်း မြက်ရိတ်သွားတာ ကျန်တဲ့ ခလေးတွေလည်း လိုက်သွားတာ။ သုံးယောက်စလုံး မိုင်းထိသွားတယ်။ သူတို့ကို (နိုဝင်ဘာ ၆ ရက်နေ့) နေ့လယ်ပိုင်းမှာ သဂြိုဟ်လိုက်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြသည့် လူငယ် ၃ ဦးကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ကင်မွန်းချုံကျေးရွာရှိ သုဿာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လူငယ် ၃ ဦး မြေမြုပ်မိုင်းနင်းမိသည့်နေရာသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေသည့်နေရာဖြစ်ကြောင်း မိုင်းသည် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည့်မိုင်းဖြစ်သည်ကို မသိရှိနိုင်သေးကြောင်း ဒေသခံတို့က ဆိုသည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကင်မွန်းချုံကျေးရွာ ပထမဆုံးအကြိမ် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်တာကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၃ နာရီခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနေ ဦးဝင်းဇော်သည် အကျဥ◌်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်းရော်ဘာခြံတွင် ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့် အသွား တောလမ်းတွင် မိုင်းနင်းမိမှုဖြစ်ပွားခဲ့သည်။

မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးဝင်းဇော်သည် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ရေးမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိမှုဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မွန်ပြည်နယ်တွင် အရပ်သားသေဆုံးမှုရှိခဲ့သည်သလို မိုင်းနင်းမိမှုကြောင့် ခြေထောက်ဖြတ်တောက်ခံရသူ၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts