Monday, March 30, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင်းက စပ်ဆေးရောင်းချခြင်းကို တားဆီးပိတ်ပင်သွားမည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင်းက စပ်ဆေးရောင်းချခြင်းကို တားဆီးပိတ်ပင်သွားမည်။

    -

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအတွင်း စပ်ဆေးရောင်းချ ဖြန့်ဖြူးနေခြင်းကို တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားကျန်းမာရေးဌာတာဝန်ရှိသူတို့ထံမှ သိရသည်။

    စပ်ဆေးရောင်းချဖြန့်ဖြူးနေခြင်းကို တားဆီးပိတ်ပင်သွားရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပခဲ့သည့် မွန်အမျိုးသားကျန်းမာရေးဌာန ဆေးဆရာများအဖွဲ့ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ကြောင်း ဆိုသည်။

    စပ်ဆေးရောင်းချဖြန့်ဖြူးနေခြင်းကို ပိတ်ပင်သွားမည့်အကြောင်းကို မွန်ပြည်သစ်ပါတီ ခရိုင်၊ ထိုမှတဆင့် မြို့နယ်အဆင့် အုပ်ချုပ်သူတို့ကို အသိပေးပြီး ယခုလပိုင်းအတွင်း ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည်ဟု မော်လမြိုင်ခရိုင်မှ မွန်ဆေးဆရာတစ်ဦးက ဆိုသည်။

    “စပ်ဆေးက လူတွေအတွက် အရမ်းကိုအန္တရာယ်ရှိနေတယ်။ ရောင်းချသူတွေတင်မကဘဲ ဆေးဆရာတွေကိုယ်တိုင်ကလည်း မသုံးသင့်ဘူး။ ဒီဆေးတွေကို လောလောဆယ် မွန်ပြည်သစ် သြဇာလွှမ်းမိုးတဲ့ နေရာတွေမှာ လက်လှမ်းမီသလောက် ကိုင်တွယ်သွားမယ်လို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်အတွင်းရှိ ကျေးရွာတို့တွင် စပ်ဆေးကို တွင်တွင်ကျယ်ကျယ် သောက်သုံးနေကြကြောင်း ကုန်စုံဆိုင်၊ လမ်းဘေးဆေးဆိုင်တွေကအစ ရောင်းချနေကြောင်းလည်း အထက်ပါ မွန်ဆေးဆရာက ပြောသည်။

    စပ်ဆေးသည် ရောဂါကို လျှင်မြန်စွာပျောက်ကင်းသက်သာစေပြီး ငွေကုန်ကြေးကျ သက်သာစေခြင်းကြောင့် သောက်သုံးသူ များပြားကြောင်းလည်း မွန်ဆေးဆရာတို့က ဆိုသည်။

    “အဓိက အဲဒီဆေးတွေက အကိုက်ခဲအတွက်ဆို အရမ်းကောင်းတယ်။ ဘာလို့ဆို ဆေးပမာဏတွေ အများကြီးသုံးထားတယ်လေ။ အဲတော့ ခေါင်းကိုက်လည်း ဒီဆေးပဲသောက်တယ်။ ကိုယ်လက်ကိုက်ခဲရင်လည်း ဒီဆေးပဲသုံးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေမျှပြီးတော့တောင် သုံးနေကြတယ်ဆိုတော့ အရမ်းအန္တရာယ်များပါတယ်” ဟု အခြားဆေးဆရာတစ်ဦးက ပြောသည်။

    စပ်ဆေးများတွင် ပါဝင်သည့် အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်ဆေးများသည် အရိုးရောဂါ၊ အစာအိမ်ရောဂါ၊ သွေးဝမ်းသွားခြင်း၊ အရိုးပွရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခန္ဓာကိုယ်ဖောရောင်ခြင်းများ ဖြစ်နိုင်ပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ဆေးဝါးကျွမ်းကျင်သူတို့က ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုအမျိုးသားကျန်းမာရေးဌာနကို လွန်ခဲ့သည့် ၁၉၇၂ က စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသက ဒေသခံတွေသာမက ဝေးလံခေါင်သီးသည့်ဒေသက ပြည်သူတွေကလည်း မွန်ပြည်သစ်ပါတီ၏ ကျန်းမာရေးဌာနကိုသာ အဓိက အားကိုးနေရသည်။

    လက်ရှိတွင် မွန်အမျိုးသားကျန်းမာရေးဌာနအောက်က ပြည်သူ့ဆေးရုံကြီး ၁ ခု၊ အလယ်အလတ်အဆင့်ရှိ ဆေးရုံကြီး ၁၇ ခု၊ ဆေးပေးခန်း ၁၈ ခုဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းပေါင်း ၁၃၂ ဦးတို့ဖြင့် ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာတွေကို ကုသပေးလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks