အောက်တိုဘာ ၃၁၊ ၂၀၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ နေအိမ် ၂ လုံးကို စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က လာရောက် ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဒူးရင်းဆိပ်ကျေးရွာ၊ အမှတ် (၂) ရပ်ကွက်ရှိ မမေသင်္ကြန်၊ ကိုဝင်းသူအောင်၊ ကိုနေလင်းဦး၊ ကိုရန်လင်းအောင် (ခ) မောင်ထိုက် (ခ) အငယ် ဆိုသူတို့ နေထိုင်ခဲ့သည့် နေအိမ်နှင့် ဒူးရင်းဆိပ်ကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ကိုအေးလှိုင် (ခ) ပြောင်ကြီး နေထိုင်ခဲ့သည့် နေအိမ်တို့ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က လာရောက်ချိပ်ပိတ်သွားခဲ့သည်ဟု ဆိုသည်။
“(အောက်တိုဘာ ၂၉ ရက်နေ့) မနက် ၁၀ နာရီလောက်က ရဲတွေ၊ အုပ်ချုပ်ရေးအပိုင်းကလူတွေရောက်လာပြီးတော့ နေအိမ်တွေကို ဗီနိုင်းတွေချိတ်သွားကြတာ။ ဒူးရင်းဆိပ်ထဲမှာအားလုံး ၂ အိမ်ပါ။ အိမ်တွေကတော့ ပိတ်ထားကြတာကြာနေပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ နေအိမ်အဆောက်အဦးများသည် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခြင်းဖြစ်သည်။
သထုံခရိုင်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်မြို့နယ်အတွင်းက တော်လှန်ရေးအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ LND လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီထောက်ခံသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။
စစ်တပ်အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အရပ်သားပြည်သူ ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။