spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းအထွေထွေကုန်ကျစရိတ်မြင့်တက်မှုကြောင့် တောင်သူလယ်သမားများ အရူံးပေါ်နေ

    အထွေထွေကုန်ကျစရိတ်မြင့်တက်မှုကြောင့် တောင်သူလယ်သမားများ အရူံးပေါ်နေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    အောက်တိုဘာ ၂၆၊ ၂၀၂၃။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် သဘာဝဘေးနှင့် ပိုးမွှား ကျရောက်ခဲ့သည့်အတွက် မိုးစပါးအထွက်နှုန်း နည်းခဲ့ပြီး သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေမှုကြောင့် တောင်သူလယ်သမားများ အရူံးနှင့် ရင်ဆိုင်နေရသည်ဟု မွန်ပြည်နယ် စပါးစိုက်တောင်သူထံမှ သိရသည်။

    “ ဒီနှစ် စပါးဈေးက အဆမတန်တက်တယ် ဒါပေမဲ့ လယ်သမားတွေ မခံစားရဘူး လယ်သမားတွေက အခုဆိုအကြွေးတင်နေတယ် ဘာဖြစ်လည်းဆိုတော့ ဓာတ်မြေသြဇာတွေ ဘာတွေ ဝယ်တယ် စပါးရိတ်ဖို့ ပြန်ပေးရတယ် ကားနဲ့ရိတ်တာပေါ့ တချို့ကားနဲ့ရိတ်လို့မရတဲ့နေရာကြတော့ လူတွေပြန်အပ်ရတယ် အဲစရိတ်တွေကို စပါးထွက်တဲ့အခါကြတော့ စပါးရောင်းပြီး ပြန်ဆပ်ပေးတယ် စပါးထုတ်လုပ်ခကို ဆပ်ရဖို့ကို စပါးရောင်းရတယ်”ဟု ပေါင်မြို့နယ် စပါးစိုက်တောင်သူတဦးက ပြောသည်။

    စပါးပိုးကျသွားသည့် စပါးစိုက်ခင်းတနေရာ
    စပါးပိုးကျသွားသည့် စပါးစိုက်ခင်းတနေရာ

    စိုက်ပျိုးရေးသုံး သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာဈေးနှုန်းသည် အမျိုးအစားအပေါ် မူတည်ပြီး တစ်အိတ်ကို ကျပ် ၃၀၀၀၀ ကနေ ၁ သိန်းကျပ်အထိ ဈေးမြင့်တတ်ခဲ့ပြီး စပါးပိုးသတ်ဆေး (ဖြန်းဆေး) တစ်ဗူးကို ၈၅၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ ဈေးမြင့်တတ်လာခဲ့သည်။

    ဒါအပြင် တောင်သူလယ်သမားများသည် ကောက်စိုက်သမားများနှင့် ပျိုးနှုတ်သူများကို တစ်ရက်လုပ်အားခအနေဖြင့် တစ်သောင်းကျပ်ကနေ ၁၆၀၀၀ ကျပ်အထိ ပေးဆောင်လာရသည့်အတွက် ပိုမို ဒုက္ခကြုံလာရကြောင်း သိသည်။

    “ဘာမှမရဘူး ကိုယ်တိုင်မလုပ်ဘဲနဲ့အလုပ်သမားငှားရင် ဘာမှမကျန်တော့ဘူး စားဖို့လောက်တောင် အနိုင်နိုင်ပဲ အလုပ်သမားငှားရင် အမြတ်မရဘူး စပါးလည်းမိုးထိထားတယ်ဆိုတော့ ဝယ်မဲ့ ဖောက်သယ်ငြင်းမယ်”ဟု ရေးမြို့နယ် တောင်သူလယ်သမားတစ်ဦးက ပြောသည်။

    သွင်းအားစုအပါအဝင် ထွေထွေကုန်ကျစရိတ်မြင့်မားမှုနှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးအပတ်မှာ မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွါးခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်မှာ မိုးစပါးစိုက်ဧက ထက်ဝက်ခန့် ပျက်စီးဆုံးရူံးမှုရှိကြောင်း ဒေသခံတောင်သူတို့ထံမှ သိရသည်။

    အဆိုပါ ချောင်းဆုံမြို့နယ်အတွင်းမှာ စပါးဖျက်ပိုးများ ကျလာမှုကြောင့် စပါးထွက်နှုန်းလည်း ၄၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျလာကာ တောင်သူများ အရူံးနှင့် ရင်ဆိုင်နေရသည်ဟု စပါးစိုက်တောင်သူထံမှ သိရသည်။

    “ဒီနှစ်စပါးပင်က မနှစ်ကထက် ပျက်စီးတာများတယ် မိုးရာသီဥတုဖောက်ပြန်ပြီး အပင်ရေမြုပ်တယ် စပါးထွက်တဲ့အချိန်တော့ ပိုးကျတယ် မြေသြဇာနှင့် ပိုးသတ်ဆေးဖြန်းတယ် မိုးပြန်ကြီးတော့ နုတဲ့အပင် ပိုးပြန်ကျတယ် ခြုံငုံပြီးပြောရင် ၄၀ ရာခိုင်နှုန်း ပျက်စီးတယ် နယ်နယ်အရပ်ရပ်ပဲ အကုန်ပျက်စီးတယ် ကျတော်တို့ မြေ ၃၀ဧကကို တစ်ဝက်ကျော်ကျော်ပျက်စီးတယ် ဒီနှစ် တောင်သူလယ်သမားတွေ ကြပ်တည်းနေတာပေါ့ ”ဟု ချောင်းဆုံမြို့နယ် စပါးစိုက်တောင်သူ နိုင်မောင်လေးက ပြောသည်။

    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ သထုံ၊ကျိုက်ထို ၊ကျိုက်မရော ၊မုဒုံမြို့နယ်၊ ချောင်းဆုံမြို့ နယ်များတွင် စပါးစိုက်ခင်း သိန်းနှင့်ချီ ရေမြုပ်မှုဖြစ်ပွားခဲ့သည်။

    မွန်ပြည်နယ်တွင် နှစ်စဉ် မိုးစပါးစိုက် ဧက ၇ သိန်းနီးပါးစိုက်ပျိုးလေ့ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် နှစ်စဉ် စပါးစိုက်ခင်း သောင်းနှင့်ချီ ပျက်စီးဆုံးရူံးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks