spot_img
Friday, May 3, 2024
More
    spot_img
    Homeသတင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ရေးမြို့နယ် ဒေသခံ ၂၀ ဦး ကျော် ဖမ်းဆီးခံရ

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ရေးမြို့နယ် ဒေသခံ ၂၀ ဦး ကျော် ဖမ်းဆီးခံရ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    အောက်တိုဘာ ၃၁၊ ၂၀၂၃။

    စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး အပါအဝင် ဒေသခံ ၂၀ ဦးကျော်ထိ ဖမ်းဆီးခံရသည်ဟု ဒေသခံများထံမှ သိရသည်။

    “ရေးမြို့နယ်အနေနဲ့ဆို ထောက်ပံ့တွေလုပ်တယ် ဆိုပြီး ဖမ်းတာ အယောက် ၂၀ ကျော်လောက်ရှိတယ် သိရသလောက်က ရေးမြို့ အောက်မင်္ဂလာမှာ နှစ်ယောက်ရှိတယ်၊ ကျနော်တို့ ရပ်ကွက်ထဲမှာပဲ ဖမ်းခံရသူထဲက မိန်းကလေး ၃ပုံ ၁ပုံလောက် ပါတယ် နေအိမ်ချိတ်ပိတ်ခံထိတယ် တချို့က ငွေကြေး တချို့ကလည်း ပစ္စည်းသွားပေးလို့ ဖမ်းခံရတာ ရပ်ကွက်က ကလေးမလေး တစ်ယောက်ဆို K – Pay ကနေ ငွေလွှဲလိုက်တာ ငွေသားထုတ်ပေးလိုက်တဲ့အချိန်မှာပဲ သူဖမ်းမိသွားတယ် နောက်တစ်ယောက်က သူငါးခြောက်ရောင်းရင်းနဲ့ သွားပို့တာ ဖမ်းခံရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသူများကို ရေးမြို့ပေါ် နှင့် အဘော်ကျေးရွာ၊အစင်စံပြကျေးရွာ၊ ကျားတန်ကျေးရွာဘက်မှာ အဓိက အများဆုံး ဖမ်းဆီးခံရတာဖြစ်ပြီး တချို့ရပ်ကျေးရွာထဲမှာ အနည်းငယ်သာ ဖမ်းဆီးခံရသည်ဟု ဆိုသည်။

    ရေးမြို့နယ် အဘော်ကျေးရွာမှ အမျိုးသမီး ၄ ဦး ၊ ရေးမြို့ပေါ် က ၄ ဦး၊ ကျားတန်ကျေးရွာ ၆ ဦး ကို ရေးဘီလူးအဖွဲ့အား ငွေကြေးထောက်ပံ့ နေသည်ဟု စွပ်စွဲချက်ဖြင့် ဇန်နဝါရီ ၅ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ဖြူးနေသည့် တယ်လီဂရမ် လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားသည်။

    ရေးမြို့ နယ်တွင် လှုပ်ရှားနေသည့် ရေးဘီးလူးတပ်ဖွဲ့ များ

    ရေးမြို့ ၊ ကမ်းနားလမ်းတွင် အအေးဆိုင်းဖွင့်ထားသည့် ကိုငယ်လေး ဆိုသူအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ထောင် ၁၀နှစ် ပြစ်ဒဏ်ချမှတ်ခံရသည်အပြင် ၎င်းအအေးဆိုင်ကိုလည်း ချိတ်ပိတ်ခံခဲ့ကြောင်း သိရသည်။

    လက်ရှိရေးမြို့နယ်တွင် စစ်ကောင်စီဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) ငွေကြေးဖြင့် သော်လည်းကောင်း စားသောက်ကုန်ပစ္စည်းဖြင့် သော်လည်းကောင်း ထောက်ပံ့ပေးသည့် ဒေသခံများကို ဖမ်းဆီးမှုတွေ ပိုမို တင်းကြပ်လာသည်ဟု ဒေသခံက ဆိုသည်။

    “နောက်ပိုင်း အရမ်းလျှိ့ဝှက်လာတဲ့ အနေအထားဖြစ်လာတယ် သူတို့ဖမ်းပြီး သတင်းပျောက် မိသားစုကလည်း မပြောရဲ မဆိုရဲဘူး သူတို့ ပိုမိုပြီး တင်းကြပ်လာတယ် သူတို့လာပြီး အိမ်ပေါ်မှာ တတ်ဖမ်းသွားတာပဲ အရပ်ဝတ်နဲ့လည်းရှိတယ် ယူနီဖောင်းနဲ့လည်းရှိတယ် ဖမ်းပြီး တခါတည်းခေါ်သွားတယ်” ဟု ဒေသခံက ထပ်ပြောသည်။

    အဆိုပါ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ဒေသခံများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် အရေးယူ တရားစွဲခံရသည့်အပြင် လက်ရှိ ကျိုက်မရော အကျဉ်းထောင်တွင် အနည်းဆုံး ထောင်ဒဏ် ၁၀နှစ် မှ အများဆုံး ထောင်ဒဏ် နှစ် ၂၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရကြောင်း သိရသည်။

    ထိုအပြင် စစ်ကောင်စီက ဒေသခံများအား လိုက်လံဖမ်းဆီးခံရမှုတွေ ပြုလုပ်လာတာကြောင့် ပြည်တွင်းထက် ပြည်ပ ထောက်ပံ့မှုများ ပိုမိုများပြာလာသည်ဟု ဒေသခံက ဆိုသည်။

    “ ဒါတွေက လျှိ့ဝှက်ထားတဲ့ဟာဆိုတော့ ဘယ်သူတွေက ဘယ်လိုထောက်ပံ့နေလည်းဆိုတော့ မသိဘူး အဓိက ထောက်ပံ့တယ်ဆိုတာက ဘီဒီအက်ဘက်က သတင်းအချက်လက်ကို ကြည့်ပြီးမှ သိတယ် သူတို့ထုတ်ပြန်လိုက်တာ ကြည့်လိုက်ရင် ဒေါ်လာတွေ ဘတ်တို့ နိုင်ငံခြားက ရောက်လာတာများတာပေါ့ ”ဟု ဒေသခံက ထပ်ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီကို ခုခံတော်လှန်စစ်ဆင်နွှဲနေသော ရေးဘီလူးအဖွဲ့မှ မြန်မာငွေ သိန်း (၆၀) ကျပ်ကို အများပြည်သူ ထောက်ပံ့ကူညီငွေဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

    အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ စစ်ကြောင်းများကို ၂နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇သန်းခန့် ထောက်ပံ့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ရက်နေ့မှ ထုတ်ပြန်ကြေညာထားသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်က ရေးမြို့နယ်အတွင်းမှာ PDF တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရတာကြောင့် ဒေသခံများကို စွပ်စွဲချက် အမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts