Homeသတင်းပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

-

အောက်တိုဘာ ၂၅၊ ၂၀၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ‌ဒေသခံနှစ်ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့ ကဒုံစီးရပ်ကွက်နေ အသက် ၅၂ အရွယ် ဦးဝင်းနိုင်နှင့် ပေါင်မြို့နယ် ကုလားချောင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို စစ်ကောင်စီက အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ဦးဝင်းနိုင်ကို ပေါင်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် လူမှုကွန်ရက်ပေါ် တော်လှန်ရေးသတင်းများ မျှဝေခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သည်။

အလားတူ ကိုကောင်းမြတ်ကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားပြီး ဇင်းကျိုက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

“အဓိကက ဖုန်းထဲမှာ တော်လှန်ရေးပို့စ်တွေ ဖြန့်ဝေထားတယ်ဆိုပြီး အမှုဖွင့်လိုက်တာ။ မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး၊ သူ(ကိုကောင်းမြတ်)မိသားစုဝင်တွေက စိုးရိမ်နေကြတာ” ဟု ကုလားချောင်းဒေသခံတစ်ဦးက ပြောသည်။

ဦးဝင်းနိုင်နှင့် ကိုကောင်းမြတ်တို့သည် နိုင်ငံတော်တည်ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖြန့်ဝေခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် စောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ အောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်တို့ ၄ ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေသည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သေးသည်။

ပေါင်မြို့နယ်အတွင်း ရဲတပ်သားတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဥ◌် ရဲစခန်း၊ ဌာနဆိုင်ရာရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဥ◌်ဖြစ်ပြီးနောက် စက်တင်ဘာလပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက်မှ ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

စစ်ကောင်စီက လူမှုကွန်ယက်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

Data for Myanmar အဖွဲ့က ထုတ်ပြန်ထားချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ယက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် နိုင်ငံတဝှမ်း ဖမ်းဆီးခံရသူ ၁၃၁၆ ဦးရှိပြီး မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts