Homeသတင်းတိုင်းရင်းသားအခွင့်အရေးနှင့် အချိုးကျ ကိုယ်စားပြုစနစ် - PR

တိုင်းရင်းသားအခွင့်အရေးနှင့် အချိုးကျ ကိုယ်စားပြုစနစ် – PR

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အောက်တိုဘာ ၂၅၊ ၂၀၂၃

နောင်တွင် စစ်ကောင်စီက ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးကျင်းပမည်ဟု စစ်ကောင်စီက မကြာခဏ ပြောဆိုမှုများရှိနေသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားတွင်လည်း လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ဖြင့် ကျင်းပမည့်အကြောင်းကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့သည်။

စစ်ကောင်စီက လာမည့် ၂၀၂၄ ခုနှစ်အတွင်း သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ထားသည်။

Myanmar’s military Commander-in-Chief, Senior General Min Aung Hlaing casts his ballot at a polling station in Naypyidaw on November 8, 2020. (Photo by Thet Aung / AFP) (Photo by THET AUNG/AFP via Getty Images)

PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပပါက ဆန္ဒမဲများ အလဟဿမဖြစ်တော့ကြောင်း၊ အနိုင်ရသူ အကုန်ယူစနစ် (FPTP) ထက် PR စနစ်က ကောင်းသည်ဟု ပြော၍ရကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

“PR ကတော့ တိုင်းရင်းသား လူနည်းစုအတွက်ကတော့ နည်းနည်းဖြစ်တာပေါ့။ မဲတွေက အလဟဿ မဖြစ်တော့ဘူးပေါ့။ အောင်မှတ်ကို သတ်မှတ်တဲ့ အောင်မှတ်ကို မှီတယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်ရနိုင်တာပေါ့။ ခရိုင်တစ်ခုမှာ ဥပမာဆိုရင် သူက ၅ မြို့နယ်ရှိရင် မြို့နယ်တစ်ခုမှာ ရှုံးတယ်ဆိုပေမယ့် ကျန်တဲ့ မြို့နယ်မဲတွေနဲ့ လာပေါင်းလို့ သတ်မှတ်ထားတဲ့ စံနှုန်းကို ဝင်တယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်၊ နှစ်ယောက်လောက်ရနိုင်တာပေါ့။ အဲဒီလိုမျိုးပုံစံပါ။

နိုင်သူအကုန်ယူဆိုရင်‌တော့ မဲတွေက အလဟဿဖြစ်တယ်လေ။ ဒီဟာ (PR) ကတော့ ရှုံးသွားတဲ့ မဲတွေ အလဟဿ မဖြစ်ဘူးလေ။ အရင်နဲ့ First Past The Post ထက်စာရင် နိုင်သူအကုန်ယူထက် စာလို့ရှိရင် ကောင်းတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးရန် စစ်ကောက်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီ (၆၂) ပါတီတို့က အခြေခံအားဖြင့် သဘောတူထားကြကြောင်းသိရသည်။

မြန်မာနိုင်ငံအနေအထားသည် PR စနစ်က ကိုက်ညီမှု ရှိမရှိဆိုသည်မှာ လက်တွေ့ကျင့်သုံးမှု သိရှိနိုင်မည်ဖြစ်ကြောင်း၊ ယခင် ဦးနုနှင့် ဒေါ်အောင်ဆန်းစုကြည်လက်ထက်က FPTP စနစ်ကြောင့် တိုင်းပြည်၏ ကံကြမ္မာကို ပုဂ္ဂိုလ်တစ်ဦးကို အပ်နှံသလိုဖြစ်သွားကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။

စိုင်းဌေးအောင် “အဲဒါတော့ အသင့်လျော်ဆုံးအနေအထားရှိလားဆိုတော့ အခုလောလောဆယ်တော့ မသုံးရသေးတော့ လက်တွေ့မလုပ်ရသေးတော့ ပြောဖို့တော့ စောသေးတာပေါ့နော်၊ ကျနော်တို့ မြန်မာနိုင်ငံမှာဆို ရွေးကောက်ပွဲ တစ်လျှောက်လုံး FPTP (အနိုင်ရသူ အကုန်ယူ) နဲ့ ကျင့်သုံးလာတဲ့အခါကြတော့ မြန်မာနိုင်ငံသားတွေကလည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုပေါ့နော်၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ အကုန်လုံးထည့်တဲ့အခါမှာ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်းထဲမှာ အဲဒီအချက်တစ်ချက်ပါတယ်။ သူလည်း အဲဒီလို သုံးသပ်လို့လား မပြောတတ်ဘူးပေါ့လေ။

ကျနော်အမြင်ကို သုံးသပ်ပြတာပါ။ ယနေ့အချိန်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ အကုန်လုံးကို မဲထည့်ကြတယ်။ မဲထည့်တဲ့အခါကြတော့ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာတစ်ခုဟာ ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ထဲကို အပ်လိုက်သလိုဖြစ်တာပေါ့နော်။ FPTP က အခုမြန်မာနိုင်ငံရဲ့ဖြစ်စဉ် ပြီးပြီးသားကိစ္စကို ပြန်သုံးသပ်ပြတာပါ။ ယနေ့ PR စနစ်ကလည်း မြန်မာနိုင်ငံနဲ့ သင့်တော်ပါ့မလားဆိုတာတော့ လက်တွေ့ကျင့်သုံးပြီးမှပဲ ကျနော်တို့ အဖြေသိမှာပါ
အဲဒီကိစ္စတွေကတော့” ဟု ဆိုသည်။

နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေမှုကို တဖြည်းဖြည်းလျှော့ချပြီး ကျင့်သုံးသည့် PR စနစ်ဖြစ်လာရန် တဆင့်ချင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“ကျနော်တို့က ရွေးကောက်ပွဲစနစ်ကို ပြောပြီဆိုရင် ၁၀၀ ရာခိုင်နှုန်းအပေါ်မှာ စဉ်းစားသင့်တယ်။

ဆွေးနွေးသင့်တယ်လို့ ကျနော်တို့ သုံးသပ် အကြံပြုချက်၊ ဝေဖန်ချက်တွေလည်း ကျနော်တို့ပေးထားခဲ့ပါတယ်။ ကျနော်တို့က PR စနစ်ကို ဆန့်ကျင်တာမဟုတ်ဘူး။ သို့သော် PR လုပ်မယ်ဆိုရင် တစ်ဖက်က တပ်မတော်နဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း ဘယ်လိုလျှော့ချမယ်ဆိုတဲ့ ကိစ္စ၊ နောက်တစ်ခါ ရွေးကောက်ပွဲ ကောင်မရှင်က လွတ်လပ်မျှတတဲ့၊ ဘက်မလိုက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့နဲ့ ပြောရရင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးသတ်အတည်ဖြစ်သည်။ မည်သည့်တရားရုံးတွင်မှ ခုခံချေပခွင့်မရှိစေရ ဆိုတာမျိုးတွေ အဆုံးစွန် လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတဲ့ကိစ္စတွေ အဲဒီ ကော်မရှင်နဲ့ ပတ်သက်လို့ ပြုပြင်သင့်တာတွေ အားလုံးပေါ့။ PR နဲ့ ဆက်စပ်တဲ့ဟာ မဲဆန္ဒနယ်မြေ သတ်မှတ်တဲ့ ကိစ္စတွေ၊ အဲဒါတွေအားလုံး စစ်တပ်ရဲ့ ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချပြီးတော့ ၁၀၀ ရာခိုင်နှုန်းအပေါ်မှာ ကျင့်သုံးတဲ့ PR မျိုး ဖြစ်လာဖို့အတွက်က တဆင့်ပြီး တဆင့် ဘယ်လိုဆောင်ရွက်မယ်ဆိုတာမျိုးတွေနဲ့ ဆက်စပ်ပြီးတော့
ဆွေးနွေးဖို့ လိုတယ်လို့ ဝေဖန်ချက်၊ သုံးသပ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအငြင်းပွားမှုများကြောင့်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့သည်။

မြန်မာနိုင်ငံတွင် PR စနစ်အား ကျင့်သုံးမည်ဆိုလျှင် ပြည်နယ်များ၌ ထူးခြားမှုမရှိဘဲ ပြည်ထောင်စုအနေဖြင့်သာ အကျိုးခံစားခွင့် သက်ရောက်မှုရှိနိုင်သည့်အတွက်တိုင်းရင်းသားများအတွက် နစ်နာနိုင်သည်ဟု တိုင်းရင်းသားပါတီအချို့က ပြောဆိုမှုများလည်းရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts