Homeသတင်းလောင်းလုံး စစ်ရှောင်များအတွက် ဆန်ထောက်ပံ့ရန် အခက်အခဲဖြစ်

လောင်းလုံး စစ်ရှောင်များအတွက် ဆန်ထောက်ပံ့ရန် အခက်အခဲဖြစ်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ အောက်တိုဘာလ ၂၃၊ ၂၀၂၃။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ထွက်ပြေးတိမ်းရှောင်နေကြရသူများအတွက် ဆန်ထောက်ပံ့ရန် အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ဆန်ထောက်ပံ့နေသည်ဟုဆိုပြီး စစ်ကောင်စီတပ်တို့က ကျောက်နီမော်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ထားပြီး ဆန်တင်ပို့မှုကိုလည်း ကန့်သတ်ထားသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက “အစ်မတို့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်ပို့ရတော့မယ်ဆိုရင် ရွာတစ်ရွာကို သွားပြီး အဲ့ရွာကနေတစ်ဆင့် လှေနဲ့ ရေလမ်းကနေတစ်ဆင့် ပို့ရတယ်။ တစ်ခါတစ်လေ ရာသီဥတုအခြေနေ (သို့မဟုတ်) ရေအတက်ကျကိုကြည့်ပြီး သွားရတယ်ပေါ့” ဟု ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် မကြာခဏစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံများ မကြာခဏစစ်ဘေးရှောင်နေကြရသည်။

စက်တင်ဘာလအထိ လောင်းလုံးမြို့နယ်အတွင်း နေအိမ်စွန့်ခွာနေရသူများ၊ တခြားရပ်ရွာများသို့ ပြောင်းရွှေ့သွားသူများနှင့် ဒေသတွင်း အမြဲတမ်းစစ်ရှောင်ပြည်သူများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၆၅၀၀ ခန့်ရှိနေသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ဘေးရှောင်များသည် နီးစပ်ရာ ဥယျာဉ်ခြံနှင့် တောတောင်များတွင်နေထိုင်နေကြရပြီး အစားအသောက်အပြင် နေရာထိုင်ခင်းအတွက်လည်း အခက်ခဲရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဆန်သယ်ဆောင်ခွင့် ကန့်သတ်မှုကြောင့် ဆန်ရောင်းဝယ်သူတို့ကလည်း ကားသမားနှင့် ညှိနှိုင်းပြီး ခိုးသယ်ယူရသည့် အခြေအနေလည်း ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဆန်တွေက အများကြီး သယ်လို့မရဘူး။ ပြီးတော့ ကုန်စုံဆိုင်၊ စတိုးဆိုင်တွေက ကားသမားတွေနဲ့ ညှိပြီး ခိုးပြီး သယ်ရတဲ့အခြေနေလည်းရှိတယ်။ တစ်ခါသယ်ရင်အများကြီးသယ်လို့မရဘူးပေါ့။ အများကြီးသယ်ရင် သူတို့(စစ်ကောင်စီ) နဲ့ ပြဿနာ ဖြေရှင်းရတယ်” ဟု ဆိုသည်။

တနင်္သာရီဒေသတွင် ဒေသအလိုက် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှု အကြိမ်ရေ
ပိုစိပ်လာခဲ့ပြီး ယာယီစစ်ဘေးရှောင်နှင့် အမြဲတမ်းစစ်ဘေးရှောင် မြင့်တက်လာခဲ့သည်ဟု ဒေါတနင်္သာရီ – စစ်ဘေးရှောင်များအထောက်ကူပြုရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

စက်တင်ဘာလနောက်ဆုံးအပတ်အထိ တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀၀၀ ကျော် ကျန်ရှိနေဆဲလို့လည်း ဒေါတနင်္သာရီ – စစ်ဘေးရှောင်များအထောက်ကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts