မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးသူတွေကို စစ်တပ်က ဖမ်းဆီးပြီး သိန်းချီငွေတောင်းခံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် အောက်တိုဘာလဆန်းပိုင်းခန့်ကစပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသား ဆိုင်ကယ်လိုက်ပါစီးနင်းခြင်းမပြုရဆိုသည့် ဒေသန္တရအမိန့်တရပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထိုအမိန့်ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်တို့မှ နေ့စဉ်စစ်ဆေးမှုများ ပြုလုပ်နေပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းသူတွေကို ဖမ်းဆီးကာ သိန်းနှင့်ချီသည့် ငွေကြေးတောင်းခံမှုများရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
“အမျိုးသားနှစ်ယောက် ဆိုင်ကယ်တူတူစီးတာ သူတို့ (စစ်တပ်) ဖမ်းမိသွားတော့ ဆိုင်ကယ်ကိုသိမ်းသွားတယ်။ လူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ နောက်ပြီး ဆိုင်ကယ်ကို ရဲစခန်းမှာ သွားပြန်ရွေးလိုက်ရတယ်။ ၂ သိန်းလောက်တော့ ကုန်သွားတယ်” ဟု သထုံမြို့ဒေသခံတစ်ဦးက ပြောသည်။
အမိန့်ကို ထုတ်ပြန်ချက်မှာတော့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်များအား လိုက်နာရန်ပျက်ကွက်ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းစစ်ဆေးခြင်းကို ခံရမည့်အပြင် ရာဇသတ်ကြီး ပုဒ်မ-၁၈၈ ဖြင့် တရားစွဲအရေးယူခံရမည်ဟု ထုတ်ပြန်ထားသည်။
သထုံခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ဝင်တွေနှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့်ဖြစ်စဥ်များတွင် ဆိုင်ကယ်ကို အသုံးပြုပြီး ဆောင်ရွက်နေခြင်းကြောင်း စစ်ကောင်စီက ယခုလို ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သက်သည့်အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။
မွန်ပြည်နယ်အတွင်း ပေါင်၊ ရေး၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့်အမိန့် ထုတ်ပြန်ထားသည်။
