Tuesday, March 17, 2026
More
    spot_img
    Homeသတင်းသရက်ချောင်း ရငဲရွာနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

    သရက်ချောင်း ရငဲရွာနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

    -

    တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က ရငဲကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ရငဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း စစ်ကြောင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

    စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ရငဲကျေးရွာထဲ ဝင်လာပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်း နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    “အခုက တပ်ဆုတ်ပြလိုက်တယ်။ ရွာသားတွေပြန်ဝင်လာရင် စစ်ကြောင်းထပ်ဝင်။ ပြည်သူ တွေကိုသက်သက်ညှင်းပန်းနေသလိုပဲ။ အိမ်တွေလည်းမွှေနေတာအခါခါဖြစ်နေပြီ။ သူတို့ဘာတွေ ထပ်လိုနေသေးလဲမသိဘူးရှင်” ဟု ရငဲရွာခံတစ်ဦးက ပြောသည်။

    စစ်ကြောင်းသည် ရငဲကျေးရွာနှင့် တဆက်တည်းတည်ရှိနေသည့် ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိရွာတို့ကိုလည်း လက်နက်ကြီးဖြင့်ပစ်ပြီး စစ်ကြောင်းထိုးနေကြောင်း၊ နေအိမ်များကို ရိုက်ဖြို ဖျက်ဆီးနေသည်လည်းရှိသည်ဟု သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလနောက်ဆုံးအပတ်ခန့်ကလည်း အဆိုပါဒေသသို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ထောင်နှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ စစ်ကြောင်း ပြန်ထွက်သွားချိန်တွင် ဒေသခံများ နေရပ်ပြန်နေထိုင်နေကြကြောင်း ဆိုသည်။

    ယခု စစ်ကြောင်းထပ်ဝင်လာသည့်အတွက် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တချို့ကလည်း ရွာထဲပိတ်မိနေသည်လည်းရှိကြောင်း သိရသည်။

    အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရငဲကျေးရွာအနီးတဝိုက်ရှိ ဝဲရစ်ရွာနှင့် ကမြိုင်ကျေးရွာထဲကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သေးသည်။

    အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဒေသခံနေအိမ် ရာနှင့်ချီကို မွှေနှောက်ဖျက်ဆီးခဲ့သည့်အပြင် အဖိုးတန် ရွှေ၊ ငွေနှင့် အခြားပစ္စည်းများ သိမ်းဆည်းသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks