Homeသတင်းဂျိုင်းမြစ်ကမ်းဘေး ကျေးရွာအချို့ စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် အသွားအလာနည်းပါး

ဂျိုင်းမြစ်ကမ်းဘေး ကျေးရွာအချို့ စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် အသွားအလာနည်းပါး

-

မွန်နှင့်ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ကမ်းဘေးရှိ ကျေးရွာများဖြစ်ကြသည့် တရနာ၊ သံကလောင်၊ ဓမ္မသ၊ ကော့ဘိန်း  ကျေးရွာချင်းဆက်လမ်းပိုင်းတစ်လျှောက်တွင် စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ဆေးရေးတင်းကြပ်ထားမှုကြောင့် ဒေသခံများ သွားလာမှု နည်းပါးသွားကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယအပတ်မှ စတင်၍ အဆိုပါကျေးရွာများအတွင်း နေထိုင်သူဒေသခံများ ညနေ ၆ နာရီမှ မနက် ၄ နာရီအထိ အပြင်ထွက်သွားလာခြင်းမပြုရန် ဒေသတွင်းသွားလာလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ဖွဲ့မှ ပြောဆိုထားသည်။

ထိုသို့ပြောဆိုပြီးနောက် ရွာအတွင်းအပြင်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးမေးမြန်းခြင်း တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပြီး အမျိုးသားများကို ပစ်မှတ်ထားစစ်ဆေးနေကြောင်းလည်း ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

“အရင်က တော်လှန်ရေးတပ်ဖွဲ့တွေ နေတဲ့ဂိတ်တွေမှာ နေနေကြပြီး စစ်ဆေးနေတာ။ အမျိုးသားတွေဆို တော်တော်စစ်ဆေးတယ်။ ဆိုင်ကယ်ဘောက်တွေဖွင့်ခိုင်းတယ်။ စစ်တယ်။ ရစ်တယ်။ သူတို့ဒီလိုမျိုး မစစ်တာ ကြာပြီး။ ခုတော့ ပိုပြီးတင်းကြပ်လာတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါအခြေအနေကြောင့် ဒေသခံများ ရွာအတွင်း အချိန်မီပြန်လည်ဝင်ရောက်လာနေရပြီး ‌နေ့ခင်းပိုင်းတွင်ပင် အပြင်ထွက် သွားလာမှုနည်းပါးသွားကြောင်း သိရသည်။

စစ်ကော်မရှင်မှ ၎င်းတို့တပ်စွဲထားသည့်နေရာများတွင် လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ည ၈ နာရီ ဝန်းကျင် အချိန်တွင်လည်း ကျေးရွာအတွင်း ကင်းလှည့်လည်ခြင်းများကို ဆက်တိုက်ဆောင်ရွက် နေသည်ဟု ဒေသခံများက ဆိုသည်။

စစ်ဆေးဂိတ်များကြောင့် ကော့ဘိန်းကျေးရွာမှ ခရုံဂူကျေးရွာလမ်းမကြီးတစ်လျှောက်ရှိ ဒေသခံတို့ ခရီးသွားလာရာတွင် အခက်အခဲရှိနေသည်။

“ဂိတ်တွေများတော့ ဒေသခံတွေ သွားလာရင် တော်တော်ခက်ခဲနေကြတာ။ အချို့က ကျန်းမာရေးအခြေ အနေကြောင့် အရေးပေါ်သွားတာကိုလည်း ရစ်တယ်။ ပြဿနာရှာတယ်။ ဖုန်းတွေသိမ်းလိုက်တာ၊ ပိုက်ဆံတွေယူလိုက်တာလည်း အများကြီးပဲ။ အချိန်လည်းကုန်တယ်”ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကော့ဘိန်းရွာ ချောင်းဝဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်အဖွဲ့ ကို အမည်မသိ လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးတင်းကြပ်လာသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

 ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီးချိန်မှ စ၍ စစ်ဆေးရေးတင်းကြပ်ကာ ကင်းစောင့်လှည့်လည်မှုများ ဆောင်ရွက်နေသော်လည်း ဒေသခံများဖမ်းဆီးခံရမှု မရှိသေးကြောင်း သိရသည်။

မွန်နှင့် ကရင်ပြည်နယ်စပ်ကြားတွင် တရားမဝင်ဂိတ်ပေါင်း ရာနှင့်ချီရှိပြီး အဆိုပါစစ်ဆေးရေးဂိတ်များမှ ငွေကြေးအဆမတန်တောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်လွှတ်တော်တွင်  ကျိုက်မရော ကိုယ်စားလှယ်မှ လွှတ်တော်မေးခွန်းမေးမြန်းရာတွင် ပြောဆိုထားသည် အချက်အလက်များအရ သိရသည်။

ပုံ-CJ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာတစ်ရွာ အတွင်းတွေ့ရစဥ် (၂၀၂၄ ပုံဟောင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts