spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းစစ်တပ်ထုတ်ကုန် ရောင်းချမှုရှိ၊ မရှိ ဆိုင်တွေကို စစ်ကောင်စီတပ် လိုက်လံစစ်ဆေးနေ

    စစ်တပ်ထုတ်ကုန် ရောင်းချမှုရှိ၊ မရှိ ဆိုင်တွေကို စစ်ကောင်စီတပ် လိုက်လံစစ်ဆေးနေ

    -

    မွန်ပြည်နယ်အတွင်းရှိ လက်လီလက်ကားကုန်စုံဆိုင်တို့တွင် စစ်တပ်ထုတ်ကုန်များ ရောင်းချမှု ရှိ၊ မရှိကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တို့က စက်တင်ဘာလအတွင်း၌ လိုက်လံစစ်ဆေးနေကြောင်း လက်လီလက်ကားကုန်စုံဆိုင်အချို့တို့ထံမှ သိရသည်။

    စျေးဆိုင်အတွင်း ဝင်ရောက်စစ်ဆေးသည့်နေရာတွင် စစ်ကောင်စီတပ်တို့က အရပ်ဝတ်ဖြင့် ကုန်စည်စျေးနှုန်း မေးမြန်းရန်ဆိုပြီး ဝင်ရောက်စစ်ဆေးရာမှ စစ်တပ်ထုတ်ကုန် ရောင်းချခြင်း ရှိ၊ မရှိကို စစ်ဆေး မေးမြန်းခဲ့သည်ဟု မုဒုံမြို့မှ လက်လီလက်ကားကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “သူတို့ (စစ်သား) က စစ်ဝတ်စုံနဲ့တော့ မလာဘူး။ ဒီလို ရိုးရိုးဝတ်စုံတွေပဲ ဝတ်ပြီးတော့ လာစစ်ဆေးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ပါတာပေါ့။ ပြီးတော့ သူတို့မေးတယ်။ မြန်မာ(မြန်မာဘီယာ)တို့ သူတို့ထုတ်ထားတဲ့ ဆေးလိပ်တို့ ရောင်းနေလားပေါ့။ မေးတယ်။ လိုက်ကြည့်တယ်။ အခြားပစ္စည်းတွေရဲ့ စျေးနှုန်းကို မေးသလိုနဲ့ အဲလို သူတို့ထုတ်တဲ့ ပစ္စည်းတွေ ရောင်း၊ မရောင်းဆိုတာကို စစ်သွားတာပေါ့။ စစ်သွားတာလောက်ပဲ ဘာမှပြောသွားတာတော့မရှိဘူ” ဟု ၎င်းက ဆက်ပြောသည်။

    စက်တင်ဘာလ ၁၁ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ရာပြည့်က စစ်တပ်က ထုတ်လုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများကို နေပြည်တော်၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စျေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ စတိုးဆိုင်များနှင့် စျေးဆိုင်များတွင် ပြန်လည်ရောင်းချနိုင်ရေး စိစစ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုလို ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလာခြင်းဖြစ်သည်။

    ယခုလို စစ်တပ်ထုတ်ကုန် ရောင်းချမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးနေသည့်အတွက် အချို့သောဆိုင်တို့က ဟန်ပြအနေဖြင့် စစ်တပ်ထုတ်ကုန်များ ခင်းကျင်းရောင်းချနေရလည်းရှိသည်ဟု အရက်အရောင်းကိုယ်စားလှယ်တို့ထံမှ သိရသည်။

    “စစ်တပ်ပစ္စည်းလို့ အချို့လူတွေက သိထားတာရှိတော့ သိပ်မဝယ်ကြဘူးလေ။ ပစ္စည်းချရင် ရှုံးမှာပေ့ါ အဲကြောင့် မရောင်းဘူး။ ဒါပေမဲ့ သူတို့လာရင် ဟန်ပြဖြစ်ဖြစ် ဆိုင်ရှေ့ မှာ ခင်းထားရတာပေါ့”ဟု ကျိုက်မရောမှ အရက်အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

    တစ်ဖက်တွင်လည်း စစ်တပ်ထုန်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Andaman Gold, Black Shield Stout , Army Rum, Mandaly Rum စသည့် ထုန်ကုန်အမည်ဖြင့် အရက်၊ ဘီယာ၊ အချိုရည်များအပြင် Red Ruby , Premium Gold စီးကရက် နှင့် Mytel, Rhino ဘီလပ်မြေ၊ ကြံဘီလပ်မြေ၊ နှင့် အဝေးပြေးကားများဖြစ်သော ( ပါရမီ၊ ပုသိမ်သူ၊ရှမ်းမလေး၊ ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ သန်မြန်သူ၊ ) များကို မသုံးစွဲဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းနေသည်လည်းရှိသည်။

    ယခုချိန်တွင် စစ်တပ်နှင့် ပတ်သက်သည့်အရာမှန်သမျှ မပတ်သက်ရေးနှင့် စစ်တပ်ထုက်ကုန် သပိတ်မှောက်ရေး(စားသုံးသူသပိတ်) တို့သည် စစ်ကောင်စီအတွက် ဝင်ငွေလမ်းကြာင်းဖြတ်တောက်ခြင်းဖြစ်ပြီး ၎င်းတို့အတွက် အထိအခိုက်အများဆုံးဖြစ်ကြောင်း လက်တွဲဖြုတ်ရေးလှုပ်ရှားမှု (Non cooperation Movement) အဖွဲ့က သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts