Homeသတင်းဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်းကြောင်း NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်းကြောင်း NLD ထုတ်ပြန်

-

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသောနေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရပိုင်ခွင့် အခွင့်အရေးကိုမပေးပဲ ချုပ်နှောင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ရေသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားပဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် အထူးပင်စိုးရိမ်ပူပန်မိကြောင်း ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံတစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိသည်ဟုလည်း NLD က ထုတ်ပြန်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေမဲ့ဖမ်းဆီးထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ခုခံချေပခွင့် ကောင်းစွာ မရရှိသည့်အပြင်၊ လူထုရှေ့မှောက်ပွင့်လင်းမြင်သာသည့် တရားစီရင်ရေးစနစ် လုံးဝမကျင့်သုံးဘဲ မျက်ကွယ်တွင် မတရားပြစ်ဒဏ်များ ချမှတ်ထားကြောင်း၊ ထိုသို့ မတရားချမှတ်ခံထားရသော်လည်း မြန်မာပြည်သူများသာမက နိုင်ငံတကာ ခေါင်းဆောင်များကပါ ၎င်းသည် ပြစ်ဒဏ်များလုံးဝ မကျူးလွန်သည်ကို အပြည့်အဝ ယုံကြည်ထားကြကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံများ၊ တရုတ်နှင့် အာဆီယံနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်အား ကျန်းကျန်းမာမာဖြင့် အမြန်လွတ်မြောက်လာရန် စစ်ကောင်စီထံသို့ ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ဆောင် ရွက်သည့်နည်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံဖြင့်လည်း လွတ်မြောက်ရေးလမ်းစ ရှာဖွေနေကြသည်ကို တွေ့ရကြောင်း ဆိုထားသည်။

တိုင်းပြည်အကျိုးအတွက် အသက်ကိုပင် မငဲ့ကွက်ဘဲ မှန်ကန်စွာရပ်တည်နေသည့် အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများ ယခုထက်ပိုမိုအားကောင်းသော တွန်းအားဖြင့် ဝန်းရံတိုက်တွန်းပေးကြပါရန်လည်း NLD က မေတ္တာရပ်ခံတောင်းဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts