Homeသတင်းပေါင်မြို့မရဲစခန်း ရဲတပ်သားပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ပေါင်မြို့မရဲစခန်း ရဲတပ်သားပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

-

မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင် ပစ်သတ်ခံရမှု နှင့် ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်တို့က စက်တင်ဘာလ (၄) ရက် နေ့၊ နံနက်ပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသားသည် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနေ ဦးစိုးမိုးအောင်ဆိုသူဖြစ်ပြီး ရေခဲသေတ္တာပြုပြင်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း နယ်ထိန်းရဲတပ်သား ပစ်ခတ်ခံရမှုနှင့် ဆက်စပ်သည်ဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့ ၂ ရက်က ပေါင်မြို့မ ရဲစခန်းက နယ်ထိန်းရဲတပ်သားကိုကိုလွင် ပစ်သတ်ခံရတယ်၊ အဲဒီပစ်သတ်မှုမှာ ဥတ္တံတားကျေးရွာသားတစ်ယောက်က လုပ်ပါတယ်လို့ (စစ်ကောင်စီဝါဒဖြန့်) တယ်လီဂရမ်းတစ်ခုမှာ ဖော်လိုက်တယ်၊ ဖော်တဲ့ဟာမှာ (စက်တင်ဘာ ၄ ရက်နေ့က) သွားဖမ်းတယ်” ဟု ပေါင်မြို့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်က မိုးနိုင်းဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဥ် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ် ကွက်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာ နေရာတွင် ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးစိုးမိုးအောင်ကို ပေါင်မြို့မရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

“Facebook၊ တယ်လီဂရမ်းတွေမှာ အဲဒီလိုမျိုး သူတို့အချင်းချင်းက ဖော်နေကြတာရှိတယ်၊ ဖော်နေကြတာကို (စရဖ) က ရတယ်၊ ရဲလည်း ရတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ  လိုက်ဖမ်းနေတာရှိတယ်” ဟု အထက်ပါ ပေါင်မြို့ဒေသခံတစ်ဦးက ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၅၀၀၀ နီးပါးရှိသည့်အနက် ၇၃၀၀ ဦး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts