Home သတင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးမြင့်တက်လို့ လုပ်ငန်းရှင်များအခက်တွေ့

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးမြင့်တက်လို့ လုပ်ငန်းရှင်များအခက်တွေ့

နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်‌လာသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ တစ်ပတ်အတွင်း တစ်တန် ၅ သိန်းခန့်‌ ဈေးမြင့်တက်သွားသည်ဟု မော်လမြိုင်မြို့မှ ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်ပမှ တင်သွင်းသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ (HRB 400) တစ်တန်လျှင် ကျပ် ၁၈ သိန်းရှိရာမှ တစ်ပတ်အတွင်း ၂၃ သိန်းဝန်းကျင်စျေးတက်သွားပြီး ပြည်တွင်းထုတ် သံချောင်းများလည်း တစ်တန် ၁၂ သိန်းရှိရာမှ ၁၇ သိန်းဝန်းကျင် စျေးတက်သွားသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့ထံမှ သိရသည်။

“အခုတင်ဒါလုပ်ငန်းတွေကော ကန်ထရိုက်တွေပါ အကုန်အရှုံးပေါ်ပြီး။ တင်ဒါကလည်း ဈေးတိုးတောင်းလို့မရဘူး။ ဟိုးအရင်ကတော့ တင်ဒါအောင်ရင် ပြောကြတယ်။ အခုက တင်ဒါအောင်မှာကို စိုးရိမ်နေကြတာ။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းဈေးတွေက အချိန်နဲ့အမျှတက်နေတာလေ” ဟု ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးပစ္စည်းများ စျေးအဆမတန်မြင့်တက်လာသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအများစုမှာလည်း ရပ်နားထားရပြီး၊ အခြေအနေကို စောင့်ကြည့်လျှက်ရှိကြောင်း ဆိုသည်။

“လုပ်ငန်းက အကြာကြီးလဲ ရပ်ထားလို့မရဘူး။ အလုပ်သမားတွေ စားဝတ်နေရေးရှိတယ်။ တင်ဒါဝင်လုပ်တယ်ဆိုတာကလဲ အလုပ်သမားတွေထိန်းထားရုံလောက်ရရင်အဆင်ပြေရုံဆိုရုံလေးဝင်လုပ်ကြတာ။ အခု လုပ်ငန်းသုံး ပစ္စည်းတွေ ဈေးတက်တော့ ရှုံးရင်ရှုံးရင်ပေါ့။ ကန်ထရိုက်တွေက အိမ်ရှင်နဲညှိလို့ရသေးတယ်။ တင်ဒါက ဌာနနဲညှိလို့မရဘူး။ တင်ဒါအောင်ထားတဲ့ဈေးနဲ့ပဲဆက်လုပ်ရမှာ” ဟု ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၃၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်သွားပြီး လက်ရှိတွင်လည်း စျေးသည်အတက်ဘက်ကိုဦးတည်‌နေကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

“သံအမျိုးအစားအလိုက် တစ်တန်ကို ၄ သိန်းနဲ့ ၅ သိန်းလောက် ဈေးမြင့်သွားတယ်။ သံ ချောင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။ အခြားဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေလည်း အကုန်ဈေးတက်နေတယ်” ဟု မော်လမြိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေဈေး ဆက်လက်မြင့်တက်လျှက်ရှိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းများ ဈေးဆက်လက်မြင့်တက်မည်ကို ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်တို့က စိုးရိမ်ပူပန်လျှက်ရှိနေသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.