Homeသတင်းထားဝယ်သပိတ်ခေါင်းဆောင် ဖခင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

ထားဝယ်သပိတ်ခေါင်းဆောင် ဖခင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် တရားစွဲ

-

စစ်ကောင်စီက ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေကို ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ရှာဖွေရာ ကျောင်းသား သမဂ္ဂလက်ပတ်နှင့် သပိတ်အင်္ကျီ တွေ့သည်ဆိုပြီး ဖမ်းဆီးခေါ်ဆောက်သွားခဲ့သည်။

ဖမ်းဆီးခံရချိန်ကစပြီး နှစ်လနီးပါးကြာလာသည်အထိ မိသားစုဝင်‌တို့နှင့် တွေ့ခွင့်မပေးခဲ့ကြောင်း သြဂုတ်လ ၁၂ ရက်နေ့ကသာ မိသားစုဝင်တို့နှင့် တွေ့ခွင့်ပေးခဲ့ကြောင်း သိရသည်။

“သူတို့က တရားစွဲတဲ့အချိန်တွေ့ခွင့်ပေးမယ်ပြောထားတာရှိတော့ (သြဂုတ်လ ၁၂ ရက်နေ့) က တရားစွဲတာဖြစ်နိုင်ပါတယ်” ကိုမင်းလွင်ဦးက ပြောသည်။

ကိုမင်းလွင်ဦးကတော့ ၎င်း၏ ဖခင်ကို မဆိုင်သည့်အကြောင်းဖြင့် စွပ်စွဲပြီး  မတရားပုဒ်မတပ်ကာ တရားစွဲလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်က အသက်မပြည့်သေးတဲ့ကလေးလည်းမဟုတ်ဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေတဲ့နေတာ မိဘနဲ့ ဘာမှမဆိုင်ဘူး။ သားသမီးမရရင် မိဘကို ရန်ရှာတာကတော့ သူတို့ (စစ်ကောင်စီ) လုပ်နေကျပေါ့။ ကိုယ့်ကြောင့် ကိုယ့်အဖေကခံရတာဆိုတော့ စိတ်တော့မကောင်းဘူး” ဟု ကိုမင်းလွင်ဦးက ပြောသည်။

လက်ရှိတွင် ကိုမင်လွင်ဦး၏ ဖခင် ဦးအောင်ဖေကို လောင်းလုံးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦး၏ မိခင်ကို စစ်ကောင်စီတပ်တို့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီတပ်သည် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts