ရေကြီးနစ်မြုပ်မှုကြောင့် မွန်ပြည်နယ်တွင် မိုးစပါးစိုက်ဧက သောင်းချီ ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသခံတောင်သူလယ်သမားတို့ထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံမြို့နယ်အတွင်းက စပါးစိုက်ခင်း သိန်းနှင့်ချီ ရေမြုပ်မှုဖြစ်ပွားခဲ့သည်။
ရေကြီးနစ်မြုပ်မှုဆိုးရွားစွာဖြစ်ပွားခဲ့သည့် ဘီးလင်းမြို့နယ်အတွင်းမှာတော့ မိုးစပါးစိုက်ဧက ထက်ဝက်ခန့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသခံတောင်သူတို့ထံမှ သိရသည်။
“လယ်တွေရေမြုပ်ကုန်တော့ စပါးပင်တွေက ဝါကျင်ကျင်ဖြစ်နေပြီးတော့ အပင်ဂုတ်တွေကျိုးကုန်တယ်။ နောက်ပြီး အချိန်အခါလည်း မမှီတော့ဘူး။ အခုအချိန်မှ ပြန်ပျိုးထောင်မယ်ဆိုရင်လည်း သိပ်မမှီတော့ဘူး။ ရာသီဥတုအခြေအနေက သိပ်အဆင်မပြေတော့ဘူး။ လယ်တွေအကုန်လုံးရေမြုပ်ကုန်တော့ စပါးပျက်ဆီးမှုကအနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ရှိနိုင်တယ်” ဟု ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ပျက်စီးသွားသည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးရန်အတွက် အချိန်မရှိတော့သည့်အနေအထားကြောင့် လယ်သမားများ အတိဒုက္ခရောက်နေကြရသည်ဟု ဆိုသည်။
“လက်ရှိမှာ လယ်သမားတွေလည်း တော်တော်များများ ဒုက္ခရောက်နေကြတယ်။ စပါးပင်တွေ နဂိုအခြေအနေတိုင်းပြန်ရဖို့က အချိန်တစ်လလောက်လိုတယ်။ မိုးထပ်ရွာရင် ထပ်မြုပ်နိုင်တယ်ဆိုတော့ အပင်တွေ ပြန်ပျိုးထောင်ဖို့က ပြောလို့တော့မရတော့ဘူး” ဟု ၎င်းတောင်သူက ဆက်ပြောသည်။
ရေကြီးနစ်မြုပ်မှုကြောင့် သထုံမြို့နယ်အတွင်းက ဒုံဝန်း၊ မိုးကောင်း၊ ဓနုကတိုက်၊ ကတိုက်ကလေး၊ တောင်ကြီးအစရှိသော ကျေးရွာအုပ်စုအတွင်းရှိ လယ်များလည်း ရက်အတန်ကြာ ရေမြုပ်ခဲ့သည့်အတွက် စပါးခင်းများ ပျက်စီးထိခိုက်ကုန်သည်ဟု ဒုံဝန်းကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။
“လက်ရှိအခြေအနေအရ လယ်ယာလုပ်ငန်းခွင်မှာ လုပ်သားရှားပါးမှုနဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် တောင်သူအများစုက ပျိုးထောင်စိုက်ပျိုးတာမျိုးမလုပ်ကြတော့ဘဲ၊ ကြဲပက်တဲ့စနစ်ဘဲ စိုက်ပျိုးကြတယ်။ မိုးစပါးကို အများအားဖြင့်က သက်ငယ်နဲ့ သက်လတ်စပါးတွေဘဲ စိုက်ပျိုးကြတာများပါတယ်။ လယ်တွေ ရေမြုပ်ကုန်တော့ မိုးစပါးထပ်စိုက်ဖို့အခြေအနေပေးပါ့မလား စောင့်ကြည့်နေတုန်းဘဲ။ သေချာတာကတော့ အရှုံးပေါ်တော့မယ်” ဟု ၎င်းလယ်သမားက ပြောသည်။
အလားတူ ရေကြီးနစ်မြုပ်ခဲ့သည့် ကျိုက်မရောမြို့နယ်အတွင်းမှာလည်း မိုးစပါးစိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ကြောင်း ဒေသခံတောင်သူလယ်သမားတို့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် နှစ်စဥ် မိုးစပါးစိုက်ဧက ၇ သိန်းနီးပါး စိုက်ပျိုးလေ့ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် နှစ်စဥ် စပါးစိုက်ခင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။
