Homeသတင်းပစ်ခတ်ခံရမှုကြောင့် အစင်ကျေးရွာ ရာအိမ်မှူးအပါ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ပစ်ခတ်ခံရမှုကြောင့် အစင်ကျေးရွာ ရာအိမ်မှူးအပါ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း အမည်မသိလက်နက်ကိုင်နှစ်ဦးတို့က ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးအပါဝင် ဒေသခံ ၃ ဦး သေဆုံးပြီး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ သြဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က အစင်းကျေးရွာထိပ်ရှိ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်တွင် လက်နက်ကိုင်နှစ်ဦးတို့က ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်ဖက်ရည်တွင်ရှိနေသည့် အသက် ၆၈ နှစ်အရွယ် အစင်ကျေးရွာ ရာအိမ်မှူး ဦးယဉ်ဝေနှင့် ၎င်းနှင့်အတူ ထိုင်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းတို့က အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အခြားဒေသခံ ၃ ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူ ၃ ဦးအနက် တစ်ဦးကလည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း အစင်ကျေးရွာခံတစ်ဦးက ပြောသည်။

“နှစ်ယောက်ဆိုင်ကယ်နဲ့လာပြီးတော့ လက်နက်အရှည်နဲ့ လာပစ်သွားတယ်။ ဘယ်အဖွဲ့က ပစ်လဲတော့ မသိသေးဘူး။ ရာအိမ်မှုးတစ်ယောက်နဲ့ ပြည်သူတစ်ယောက်တော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသွားတယ်။ ဘေးနာက ၃ ယောက်က ဒဏ်ရာရသွားတယ်။ တစ်ယောက်က ဆေးရုံအရောက်မှာ ဆုံးသွားတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က အစင်ဆေးရုံမှတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မူဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူက မည်သည့်အကြောင်းကြောင့် လုပ်ဆောင်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် အစင်စံပြကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လုံခြုံရေးတိုးမြှင့်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ရေးမြို့နယ်၊ အစင်စံပြကျေးရွာ တံတားလုံခြုံရေးဂိတ် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts