Wednesday, March 25, 2026
More
    spot_img
    Homeသတင်းကုန်ကြမ်းရရှိရန် ခက်ခဲလို့ အုန်းခွံခြေသုတ်ခုံလုပ်သူများ အခက်အခဲဖြစ်

    ကုန်ကြမ်းရရှိရန် ခက်ခဲလို့ အုန်းခွံခြေသုတ်ခုံလုပ်သူများ အခက်အခဲဖြစ်

    -

    မိုးတွင်းကာလတွင် အုန်းခွံခြေသုတ်ခုံလုပ်ငန်းအတွက် အုန်းဆံကြိုးကုန်ကြမ်း ရရှိရန် ခက်ခဲသည့်အတွက် အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေကြရသည်ဟု အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်နေသူတို့က ပြောသည်။  

    အုန်းဆံကြိုးပြုလုပ်ရောင်းချသူမရှိသည့်အတွက် အုန်းခွံခြေသုတ်ခုံလုပ်ရန် အုန်းဆံကြိုးကုန်ကြမ်း ပြတ်လတ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ချောင်းဆုံက အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်သူ နိုင်အောင်စိုးနိုင်က ပြောသည်။

    “မိုးတွင်းမှာဆို အရောင်းအဝယ်ကောင်းပေမယ့် ကုန်ကြမ်း (အုန်းဆံကြိုး) ပစ္စည်းတွေ ရှာလို့မလွယ်ဘူး အဲလိုအခက်အခဲတော့ရှိတယ်။ ဒီအချိန်က လယ်လုပ်တဲ့အချိန်ဆိုတော့ ကြိုးလုပ်တဲ့လူတွေ လယ်လုပ်ကုန်တော့ ကြိုးလုပ်တဲ့လူကမရှိဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

    အုန်းဆံကြိုးလုပ်သူ နည်းပါးသည့်အတွက် အုန်းဆံကြိုးကို  စျေးကြီးပေးဝယ်နေရသည့်အပြင် အချိန်ကြန့်ကြာမှုကြောင့်လည်း အရောင်းအဝယ်ကို ထိခိုက်စေသည်ဟုလည်း နိုင်အောင်စိုးနိုင်က ဆက်ပြောသည်။

    လက်ရှိတွင် အုန်းခွံခြေသုတ်ခုံလုပ်ငန်းလုပ်ကိုင်သူတို့က ယခင်က ဝယ်ယူစုဆောင်းထားသည့် ကုန်ကြမ်းဖြင့်သာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြရကြောင်း စုဆောင်းထားသည့်ကုန်ကြမ်းကုန်သွားပါက လုပ်ငန်းခတ္တခဏရပ်နားထားရမည်ဖြစ်ကြောင်း ပြောကြသည်။  

    “(အုန်းဆံကြိုး) ကြိုးလုပ်မဲ့လူက ရှိတယ်။ ဒါပေမဲ့ ဒီလယ်လုပ်ချိန်ဆို သူတို့ နားထားကြတယ်၊ ဒီအချိန်က ကုန်ကြမ်းရဖို့ အခက်အခဲဆုံးပဲ” ဟု အခြား အုန်းခွံခြေသုတ်ခုံလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    ယခုနှစ်တွင် အုန်းခွံခြေသုတ်ခုံ အရောင်းအဝယ်ကောင်းနေပြီး မန္တလေး၊ ပြည်နှင့် ဘားအံဘက်က ဝယ်ယူမှု များပြားကြောင်း အုန်းခွံခြေသုတ်ခုံလုပ်ကိုင်သူတို့က ပြောသည်။

    အုန်းခွံခြေသုတ်ခုံကို လူအသုံးအဆောင်ပစ္စည်းအဖြစ်အပြင် ပန်းအလှစိုက်ပျိုးရန်အတွက်လည်း အသုံးများလာကြောင်း အုန်းခွံခြေသုတ်ခုံသည် အရွယ်အစားအပေါ်မူတည်ပြီး တစ်ခုလျှင် ၁၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အကြား စျေးနှုန်းရှိကြောင်းလည်း ဆိုသည်။

    အုန်းခွံခြေသုတ်ခုံတစ်ခုဖြစ်ရန် အုန်းဆံကြိုးများကို ရက်လုပ်ပြီး နှစ်ထပ်ဆင့်ကာ အနားသတ်များကို ပုံဖော်ပြုလုပ်ပေးရသည်ဟု အုန်းခွံခြေသုတ်လုပ်ငန်းရှင်တို့က ရှင်းပြသည်။

    အုန်းခွံခြေသုတ်ခုံလုပ်ငန်းကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရိုးရာလက်မှုလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks