spot_img
Thursday, February 20, 2025
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ‌ရေးမှာ မပါဝင်ရေး စစ်ကောင်စီလုပ်ဆောင်ဟု ဆို

    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ‌ရေးမှာ မပါဝင်ရေး စစ်ကောင်စီလုပ်ဆောင်ဟု ဆို

    -

    စစ်ကောင်စီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပြန်လည်ပါဝင်လာမည့် အခင်းအကျင်းမျိုး လုပ်ဆောင်မည်မဟုတ်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

    ယခင် စစ်အစိုးရလက်ထက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ အထွေထွေ‌ရွေးကောက်ပွဲအပြီး ပြန်လည်လွှတ်မြောက်လာခဲ့သည်။

    ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်ယှဉ်ပြိုင်ခဲ့သော ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ မြန်မာ့နိုင်ငံရေးတွင် ပြန်လည်ပါဝင်နိုင်ခဲ့သည်။

    ခွန်မြင့်ထွန်းက “ကျနော်တို့ မြင်တဲ့ အမြင်ကတော့ ၂၀၁၀ ကနေ ၂၀၂၀ ကြားမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ထိတွေ့နိုင်ခဲ့တယ်၊ နိုင်ငံတကာနဲ့ ထိ‌တွေ့ဆက်ဆံနိုင်ခဲ့တယ်၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ရေး အရှိန်အဝါကြီးမားတဲ့ ပုဂ္ဂိုလ်နဲ့ ပြည်သူလူထုနဲ့ ကြားပေါ့နော်၊ ထပ်မံပြီးတော့ ထိတွေ့တာမျိုး နိုင်ငံတကာနဲ့ ထိတွေ့တာမျိုး ဖွင့်ပေးတာမျိုး သူတို့(စစ်ကောင်စီ) လုပ်တော့မှာ မဟုတ်ပါဘူး။ ကျနော်မြင်တဲ့ အမြင်ကတော့ ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာ သူတို့ တွေ့ခဲ့ကြံခဲ့တဲ့ အတွေ့အကြုံအရကတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုနဲ့ ထိတွေ့ခွင့်ရတာဖြစ်စေ၊ နိုင်ငံတကာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ခွင့်ရတာဖြစ်စေ ဒါဟာသူတို့အတွက် အင်မတန်ကို အန္တရာယ်ကြီးတယ်၊ သူတို့ (စစ်ကောင်စီ) နားလည်ပါတယ်၊ ကျနော့်အမြင်မှာတော့ ဒုတိယအကြိမ် ထပ်မံပြီးတော့ မီးနဲ့ ကစားတဲ့အလုပ်ကို သူတို့ လုပ်မှာ မဟုတ်ပါဘူး။ အခုလို ပြစ်ဒဏ်လျော့ပေါ့တယ်တို့ ဆိုတဲ့ သဘောထားမျိုးပေါ့၊ ဒါမျိုးတွေကို လုပ်ပြတာကတော့ တကယ်လွှတ်ပေးတာ မဟုတ်ဘဲနဲ့ အခြားသော နည်းလမ်းတွေနဲ့ လျော့ပေါ့ပြတယ်ဆိုတာကတော့ သူတို့မှာ သက်ရောက်နေတဲ့ နိုင်ငံတကာ ဖိအားတွေ လျော့သွားအောင် ဒါဟာသူတို့ လီဆယ်လုပ်ကြံကြတာတွေပါပဲ” ဟု ပြောသည်။

    စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအစိုးရပြောင်းလဲလာသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးထဲသို့ ပြန်လည်ဝင်ရောက်နိုင်မည့် အခင်းအကျင်းများကို ဖန်တီးခဲ့ကြောင်း နိုင်ငံ‌ရေးသမားတစ်ဦးက ဆိုသည်။

    လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ မရှိသောဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောသည်။

    ဒေါက်တာ အောင်မျိုးက “မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သူ့ရဲ့ အခန်းကဏ္ဍက တကယ်တော့ မရှိတော့ပါဘူး။ ကုန်သွားပါပြီ။ သွားပါပြီဆိုတာက သူ့အသက်အရွယ်ကိုပဲ ကျနော်တို့ ကြည့်လိုက်ရအောင် သူက ၈၀ နားကပ်သွားပြီးတော့ ဒီအရွယ်က ဘယ်လောက်ပဲ ပါဝါတွေ အစွမ်းအစတွေ ရှိတယ်ပဲ ပြောပြော၊ ကြောင်အိုသွားပြီ။ အဲဒီတော့ မရတော့ဘူး။ ကြောင်အိုလို့ ကြွက်မလေးဘဝရောက်သွားပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကဏ္ဍ မရှိဘူး။ အဲဒီတော့ သူ့ကို ချစ်တဲ့လူတွေရှိတယ်လေ၊ သူကိုချစ်တဲ့လူတွေက သူ့ကို ထောက်ခံမှာပေါ့၊ သို့သော်လည်းပဲ လက်ရှိမှာတော့ လက်ရှိ PDF တွေက သေနတ်ကိုင်ထားတဲ့ လူတွေလေ သေနတ်ကိုင်ထားတဲ့ လူတွေက သူ့ကို ချစ်တဲ့လူတွေက မင်းတို့ သေနတ်မကိုင်ထားနဲ့ လာပြီးပြောလည်း ဒီလူတွေက လက်မှာမှ မဟုတ်တာ၊ ပြောရရင်တော့ သူ့ကို ချစ်မယ်၊ ဒီလိုဟာမျိုးပဲ ရှိမယ်၊ သူ့ရဲ့ နိုင်ငံရေးအခန်းကဏ္ဍက ပျောက်ကွယ်သွားပြီလို့ ပြောရမှာပဲ” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုတွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ခေါင်းဆောင်အများစုကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အမှု ၁၉ မှု စွဲဆိုပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ကာ ယခုလ သြဂုတ် ၁ ရက်ထုတ်ပြန်ချက်အရ အမှု ၁၉ မှု ထဲက အမှု ၅ မှု အတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

    ခွန်မြင့်ထွန်းက “အခုလည်းပဲ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ဆုံပြီးတော့ ဆွေးနွေးတယ်ဆိုတာမျိုးတော့ နိုင်ငံတကာနဲ့လည်း ဆုံပြီးဆွေးနွေးတယ်ဆိုတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ၊ ကျနော်တို့ နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ System changes ခေတ်စနစ်ကြီးတစ်ခုလုံး ပြုပြင်ပြောင်းလဲရေး ကျနော်တို့ လုပ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ယုံကြည်တာကတော့ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုတော်လှန်ရေးကို ဆန့်ကျင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ကျနော်တို့ အောင်ဆန်းစုကြည်ကို လျော့မတွက်ကြပါနဲ့ ဒါပါပဲ” ဟု ပြောသည်။

    စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရေး ပြည်တွင်းအင်အားစုအချို့၊ နိုင်ငံတကာအဖွဲ့အစည်းများလည်း တောင်းဆိုလျှက်ရှိနေသည်။

    နွေဦးတော်လှန်ရေးတွင် ပါဝင်သော CDM များ (Photo Credit: CBC News)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,100SubscribersSubscribe
    spot_img

    Latest posts