မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည့် ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဇူလိုင်လ ၃၁ ရက်နေ့ညက သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက် ဘူတာရုံလိုင်းခန်းရှိ နေအိမ်တစ်လုံးပေါ်သို့ လုံးပတ် ၄ ပေခန့်၊ အမြင့် ၂၀ ပေခန့်ရှိ ကုက္ကိုပင်လဲပြိုခဲ့သည့်အတွက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း မိသားစုဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“အသက် ၈၀ နှစ်အရွယ် အဖွားတစ်ဦးက ဦးခေါင်းကွဲဒဏ်ရာ၊ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးက အပင်ပိကျတဲ့ အသံကြောင့် စိတ်မတည်မငြိမ်ဖြစ်သွားတယ်။ အမျိုးသမီးငယ်တစ်ဦးနဲ့ အမျိုးသား နှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းနေ့ညပိုင်းတွင်လည်း သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ကြေးသွန်းဘုရားအနောက်လမ်းရှိ လုံးပတ် ၇ ပေခန့်၊ အမြင့် ၃၅ ပေခန့်ရှိ ညောင်ပင်ကြီး ဘုန်ကြီးကျောင်းဆောင်နှင့် နေအိမ်နှစ်လုံးပေါ်သို့ လဲပြိုပိကျခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
လေပြင်းတိုက်ခတ်မှုများကြောင့် သထုံမြို့အနှံ့ သစ်ပင်များလဲပြိုကာ နေအိမ်များ၊ လျှပ်စစ်ဓါတ်ကြိုးများအပေါ်ပိကျခြင်း၊ ဓါတ်တိုင်များကျိုးပြတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သထုံမြို့ အောက်ကျင်း၊ နန်းခဲ၊ သိမ်ကုန်း၊ ဘင်လှိုင်ရပ်ကွက်အပါအဝင် ရပ်ကွက်၊ ကျေးရွာအချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
လေဖိအားနည်းရပ်ဝန်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ တောင်ပြိုခြင်းအန္တရာယ်ဖြစ်နိုင်သည့်အတွက် အထူးသတိထားကြရန် မိုးလေဝသနှင့် ဇလဗေဒကထုတ်ပြန်ထားသည်။




