Homeသတင်းသထုံတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရပြီး ထောင်ကျော် ထွက်ပြေးနေရ

သထုံတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ ၄ ဦး ဒဏ်ရာရပြီး ထောင်ကျော် ထွက်ပြေးနေရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် ဝီယော်စခန်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် အမှတ် (၉) စခန်းမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် ၁၈ နှစ်အရွယ် စောအဲ့ကော့ရှီးဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၄၅ နှစ်ရှိ စောဆာထူး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

၎င်းပြင် ထို့ကော်ကျိုးကျေးရွာမှ အသက် ၁၈ နှစ်ရှိ စောဖိုးကျော်၊ အသက် ၄၈ နှစ်ရှိ စောပလေးဒေးနှင့် အသက် ၁၃ နှစ်ရှိ နော်အဲ့စိုးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“မနက် ၄ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်။ ပြီးတော့ စကစအမှတ် (၉) စခန်းကနေ လက်နက်ကြီး အားလုံး ၄၀ ကျော် ရွာတွေထဲကို ပြန်ပစ်တာကြောင့် ရွာသား ၄ ယောက် ဒဏ်ရာရပြီး ၁ ယောက်သေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံတပ်များ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် မရမ်းကုန်းရွာနေ ဦးဝါဆိုနှင့် ချောင်းစောင့်ရွာသား စောမြလောင်းတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးဝါဆိုကို ပြန်လွှတ်ပေးခဲ့သော်လည်း စောမြလောင်းကို ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့လည်း ထုတ်ပြန်ထားသည်။

ထိုသို့စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရွှေရောင်ပြကျေးရွာအုပ်စုရှိ မိချောင်းအိုင်ရွာမှ အိမ်ထောင်စု ၂၀ ကျော်မှ လူဦးရေ ၁၀၀ နီးပါး၊ ခလောက်အင်းရွာမှ အိမ်ထောင်စု ၁၀၇ စုမှ လူဦးရေ ၅၅၆ ဦး၊ မရမ်းကုန်းရွာမှ အိမ်ထောင်စု ၇၃ စုမှ လူဦးရေ ၄၁၀ ဦးတို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts