တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနှင့် စခန်းကြီးကျေးရွာအကြား ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲကြောင့် လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့ (LLPDF) မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးသွားခဲ့ကြောင်း LLPDF က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ခမောင်းတောင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
တိုက်ပွဲအတွင်း လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့မှ ရဲဘော် ကိုအဲ့၊ ရဲဘော် F-One နှင့် ရဲဘော်ဝတုတ်တို့ ၃ ဦး ကျဆုံးသွားသည်ဟု ဟု LLPDF က ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။
“တိုက်ပွဲအတွင်းမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်ကိုအဲ့၊ ရဲဘော် F-One နဲ့ ရဲဘော် ကိုဝတုတ်တို့ ၃ ဦး ကျဆုံးသွားတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့ (LLPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲဟု ဆိုသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၂၇ ရက်နေ့အထိ ခမောင်းတောင်ကျေးရွာအနီးဝန်းကျင်တွင် တပ်စွဲထားသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာနေသည့်အခြေအနေရှိနေကြောင်းလည်း သိရသည်။
တိုက်ပွဲတွေကြောင့် ခမောင်းတောင်၊ စခန်းကြီး၊ နာခံတော၊ ဖွားဘုတ်ပြင်ကျေးရွာ အစရှိသည့် ကျေးရွာ ၄ ရွာတို့မှ ဒေသခံပြည်သူ ၁၂၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် ဇူလိုင်လ ၁၂ ရက်မှ ၂၆ ရက်အထိ ခမောင်းတောင်ရွာနှင့် စခန်းကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုမှုရှိခဲ့သည့်အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ ပြောဆိုချက်အရ သိရသည်။
