ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ဂူဝကျေးရွာအနီး ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း ဇူလိုင်လ ၁၀ ရက်နေ့ နံနက်အစောပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။
ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု ဂူဝကျေးရွာအနီး၊ ဝါးဘိုးတောနှင့် ဘုရင့်ညီဂူကြား ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားအမှတ် (၁/၁၃) သည် ယနေ့နံနက် ၁ နာရီအချိန်ခန့်က ဖောက်ခွဲခံရခြင်းဖြစ်သည်။
မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအောက်ခြေနှင့် တံတားလက်ရမ်းများ ပျက်စီးသွားခဲ့သည့်အပြင် တံတားကြမ်းခင်းတွင်လည်း အက်ကွဲကြောင်းများဖြစ်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖောက်ခွဲခံထားရမှုကြောင့် တံတားပြိုကျနိုင်သည့်အနေအထားကြောင့် နံနက်အစေားပိုင်းက ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့သော်လည်း နံနက် ၉ နာရီခွဲအချိန်ခန့်မှစကာ ကားအကြီး၊ အသေးများ၊ ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တံတားကိုတာဝန်ရှိသူတွေလာ စစ်ဆေးပြီးတဲ့အချိန်မှာ ဖြတ်သန်းခွင့်ပြုခဲ့တာလို့ သိရတယ်။ ပျက်ဆီးထိခိုက်မှုနည်းတဲ့ဘက်ခြမ်းကနေ ကားကြီးတွေကတေ့ တစ်စီးပြီးမှ တစ်စီးဖြတ်သန်းခွင့်ပြုထားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသည့် တံတားသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေးလမ်ကြောင်းပေါ်တွင် တည်ရှိနေသည့် ပေ ၆၀ ခန့်ရှိ တံတားတစ်စင်းဖြစ်ပြီး ဘားအံ-သထုံကားလမ်းပိုင်းတွင် အရှည်ဆုံးတံတားတစ်စင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီလမ်းအတွက် အရေးပါသည့် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။