နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါ၏ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းနေမှုအပေါ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ က ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
ဇူလိုင် ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် ဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ စာသင်ကျောင်းများ ထောက်ပံ့တာ၊ ဆေးရုံများ ထောက်ပံ့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ပါရှိသည်။
၎င်းပြင် လူသားချင်းစာနာမှုအကူအညီများတွင် မိမိတို့ NCA-S EAO ၇ ဖွဲ့၏ နယ်မြေများတွင် အခြေခံရိက္ခာဆန်ဖြန့်ဝေပေးမှုကို ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆန်အိတ်ရေ ၆၄,၀၀၀ ဖြန့်ဝေနိုင်ခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက်လည်း ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆိုထားသည်။
ထိုကြောင့် ယခင်အစိုးရအဆက်ဆက်ကတည်းက မိမိတို့ တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs များ၊ စစ်ပြေး၊ စစ်ရှောင်များနှင့် ဒုက္ခသည်များအား ကူညီပေးနေသည့် ပုဂ္ဂိုလ်ကြီးနှင့် ၎င်း၏ အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟုဆိုကာ ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် မိမိတို့ NCA-S EAO ၇ ဖွဲ့အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ပဋိပက္ခဒဏ်ခံစားနေရသည့် တိုင်းရင်းသားပြည်သူများ၏ အကျိုးအတွက် နီပွန်ဖောင်ဒေးရှင်းအား အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို အကြိမ်ကြိမ် ဖုန်းခေါ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) ၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်သည်။