မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီး-ရှမ်းစုကျေးရွာအနီး နတ်ကြီး-ဘင်ဘန်းသွားကားလမ်းတွင် ဇူလိုင်လ ၅ ရက်နေ့ ညက အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ ည ၇ နာရီအချိန်ခန့်က နတ်ကြီးကျေးရွာ၊ ရှမ်းစုပိုင်းနေ အသက် ၃၀ နှစ်အရွယ် ကိုဇော်ဝမ်းဆိုသူသည် အစ်ကိုဖြစ်သူနှင့် အရက်သောက်နေရာမှ စကားများရန်ဖြစ်ပြီး နေအိမ်မှ နတ်ကြီး-ဘင်ဘန်းသွားကားလမ်းဘက် ထွက်သွားခဲ့ရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဇော်ဝမ်း အိမ်ကနေထွက်သွားပြီး မကြာဘူး ပေါက်ကွဲသံကြားလိုက်ရလို့ မိသားစုဝင်တွေ သွားကြည့်ကြတော့ ဇော်ဝမ်းက ဒဏ်ရာတွေနဲ့ လဲကျနေတာကို တွေ့ကြရတာပါ” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုဇော်ဝမ်းသည် ယာဘက်ပါး ပေါက်ပြဲ၊ ယာဘက် လက်ကောက်ဝတ် ပေါက်ပြဲ၊ ယာဒူးခေါင်း ဖောက်ဝင်၊ ဝဲဒူးခေါင်းအောက် ဖောက်ဝင်၊ ယာဘက်ပေါင် ဖောက်ဝင်ဒဏ်ရာများရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
မိုင်းပေါက်ကွဲဒဏ်ရာရရှိခဲ့သည့် ကိုဇော်ဝမ်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပေးဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ရေးမြို့နယ်အတွင်း မြေမြုပ်မိုင်း နင်းမိသည့်ဖြစ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြေမြုပ်မိုင်းနင်းမိမှုကြောင်း အရပ်သား သေဆုံးမှုရှိခဲ့သည့်အပြင် ခြေထောက်ဖြတ်တောက်ခံခဲ့ရသူလည်း ရှိခဲ့သည်။