Homeသတင်းဖောက်ခွဲခံရသည့်တံတားကို စစ်ဆေးသည့် ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရပြီး၊ သထုံခရိုင်လမ်းဦးစီးမှူး သေဆုံး

ဖောက်ခွဲခံရသည့်တံတားကို စစ်ဆေးသည့် ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရပြီး၊ သထုံခရိုင်လမ်းဦးစီးမှူး သေဆုံး

-

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားက ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားအား ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးနေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း သထုံခရိုင်လမ်းဦးစီးမှူး ပွဲချင်းပြီးသေဆုံးပြီး ဌာနဆိုင်ရာတာဝန်ရှိသူ၊ လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သထုံခရိုင်လမ်းဦးစီးမှူးက အခင်းဖြစ်တဲ့နေရာမှာဘဲ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးလည်း ယာခြေကျင်းဝတ်နဲ့ ယာဦးခေါင်းမှာ ဒဏ်ရာရထားပြီး သထုံခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ တခြားထိခိုက်ဒဏ်ရာသူတွေလည်း ရှိပါသေးတယ်။ တချို့ကို ဆေးရုံတွေကို ပို့ဆောင်နေဆဲပါ” ဟု ၎င်းက ပြောသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ကျုံအိတ်တံတား ဖောက်ခွဲခံရမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး တံတားပေါ်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ် ၂ စီးလည်း တံတားနှင့်အတူ ချောင်းအတွင်းကျသွားပြီး ထိခိုက်ပျက်စီးသွားခဲ့သည်။

တံတားနှင့်အတူ ပါသွားသည့်ကားမှ ခရီးသွားအမျိုးသားတစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) မှ တပ်မှူးတစ်ဦးက People’s Spring သို့ ဖြေကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts