Homeသတင်းသံဖြူဇရပ်မြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

သံဖြူဇရပ်မြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်၊ စခန်းကြီးကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် မိလှချိန်ဆိုသူ သေဆုံးသွားခဲ့သည်ဟု သိရသည်။  

“ညက ၁၁ နာရီလောက်မှာ ကျွန်တော်တို့လည်း မအိပ်ရသေးဘူး။ လက်နက်ကြီးကျတဲ့အသံက တော်တော်ကျယ်တော့ သေချာတယ် ရွာထဲမှာပဲ ကျမယ်ဆိုတာ။ ခဏကြာတော့ လူတစ်ဦးထိပြီး သေဆုံးသွားတဲ့သတင်းကြားတယ်။ ဘယ်ကနေ ပစ်လာတာလဲတော့ ကျွန်တော်တို့လည်းမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်သည် ဘုရားသုံးလမ်ဝ (သက္ကော့ကျေးရွာ) ရှိ စစ်ကောင်စီတပ်ဖွဲ့တို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်၊ ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျောက်အိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ နှစ်ခန့်ရှိ မိထွေးကြည်ဆိုသည့် အမျိုးသမီးသေဆုံးသွားခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ဒေသတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ရေး၊ သံဖြူဇရပ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်အတွင်းက အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိလာခဲ့သည်။

ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားကားလမ်းတလျှောက်မှာတော့ ဇွန်လ ၁၈ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားနေပြီး ကားအသွားအလာများကိုလည်း စစ်ဆေးနေသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

ရေး-သံဖြူဇရပ်ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts