spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းငါးဖမ်းခွင့်ပိတ်ထားသည့်ရာသီတွင် ရေလုပ်သားများ အခက်ကြုံ

    ငါးဖမ်းခွင့်ပိတ်ထားသည့်ရာသီတွင် ရေလုပ်သားများ အခက်ကြုံ

    -

    ငါးသားပေါက်ရာသီတွင် ငါးဖမ်းခွင့်ပိတ်ပင်ထားသည့်အတွက် ရေလုပ်သားများ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ရေလုပ်သားတို့က ပြောသည်။

    ငါးသားပေါက်ရာသီကို မေလဆန်းမှ ဇူလိုင်လကုန်အထိ သတ်မှတ်ထားပြီး ထိုကာလအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ငါးမဖမ်းဖို့ကို သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည်။

    ယခုလို ကုန်ဈေးနှုန်းမြင့်တက်နေချိန်တွင် ငါးမဖမ်းရသည့်အတွက် မိသားစု စားဝတ်နေရေးကို အခက်အခဲဖြစ်စေသည်ဟု မော်လမြိုင်မြို့မှ ရေလုပ်သားတစ်ဦးက ပြောသည်။

    “အခက်အခဲကတော့ ဒီလိုပဲရှာစားရတာပေါ့။ ပိုက်စိပ်တွေတော့ တင်လိုက်တယ်။ ပိုက်ကျဲနဲ့ပဲ ရှာစားရတာပေါ့။ ငါးဇင်ရိုင်းတို့ဆိုရင် ဖမ်းလို့မရဘူး။ ညွှန်ကြားချက်မလိုက်နာရင် ဖမ်းမိရင်တော့ ပိုက်အသိမ်းခံရမယ်” ဟု ဆိုသည်။

    သတ်မှတ်ထားသည့်ကာလအတွင်း ငါးဖမ်းမည်ဆိုပါက သက်ဆိုင်ရာက ခွင့်ပြုပေးထားသည့် ငါးဖမ်းပိုက်အရွယ်အစားဖြင့်သာ ဖမ်းခွင့်ရှိပြီး၊ သတ်မှတ်ထားသည့် ပိုက်ထက် သေးသည့်ပိုက်နှင့် ဖမ်းပါက အရေးယူခံရမည်ဖြစ်သည်။  

    လက်လုပ်လက်စား တံငါသည်များကတော့ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားသည့်ပိုက်ဖြင့် ဆက်လက်ငါးဖမ်းနေပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု  တံငါလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    “သူတို့သတ်မှတ်ထားတဲ့ ပိုက်အရွယ်အစားက တစ်လက်မအထက်ပေါ့နော်။ သံဇကာပိုက်နဲ့တော့ မရဘူး။ တချို့ကျတော့ ညဘက်ဆို ဆင်းလုပ်တယ်။ နေ့ဘက်ဆို နားတယ်။ နေ့ဘက်ငါးဖမ်းတဲ့သူတွေက သူတို့(သက်ဆိုင်ရာ) တွေလာရင် ထွက်ပြေးတယ်။ မရှိတဲ့လူတွေဆိုတော့ နားလိုက်ရင် ဘာနဲ့စားရမလဲ” ဟု ပြောသည်။

    ငါးမျိုးစိတ်များ မျိုးမသုဥ်းအောင် ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဥ် ငါးသားပေါက်ရာသီ သတ်မှတ်ပြီး ငါးဖမ်းခွင့်ကို ပိတ်ပင်ခဲ့သည်။  

    ငါးဖမ်းလုပ်ငန်းကို မွန်ပြည်နယ်အတွင်းက ရေး၊ ကျိုက်ခမီနှင့် မော်လမြိုင်တို့တွင် အဓိကလုပ်ကိုင်နေကြပြီး ယခုလို ငါးဖမ်းခွင့် ပိတ်ပင်ထားသည့်အချိန်တွင် ရေလုပ်သားများ ရာရအခြားနေ့စားအလုပ်တွေကို ဝင်ရောက်လုပ်ကိုင်နေကြရသည်ဟု ငါးလုပ်သားတို့က ပြောသည်။

    လက်ရှိ စားသောက်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် နေ့လုပ်နေ့စားများအတွက် ပိုပြီး အခက်အခဲဖြစ်စေပြီး မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးအပြင် ကလေးပညာရေးအတွက်ပါ စိန်ခေါ်မှုဖြစ်ပေါ်စေသည်ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks