spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေး-သံဖြူဇရပ်ကားလမ်း စစ်ဆေးမှုဆောင်ရွက်စဥ် စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းဆီးရမိ

    ရေး-သံဖြူဇရပ်ကားလမ်း စစ်ဆေးမှုဆောင်ရွက်စဥ် စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် စစ်ဆေးမှုဆောင်ရွက်စဥ် စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းဆီးရမိကြောင်း စစ်ဒေသခွဲအမှတ် ၃ က ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီကနေ နေ့လည် ၁၁ နာရီအထိ ရေးနှင့် သံဖြူဇရပ်ကြားကားလမ်းတလျှောက်တွင် နေရာ သုံးနေရာခွဲပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဥ်ပေါ် လိုက်ပါစီးနင်းလာသော အရပ်ဝတ် စစ်ကောင်စီတပ်သား ၄ ဦးကို ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၄ ဦးနှင့် ပတ်သက်ပြီး လိုအပ်သည့်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်ကို သတင်းထုတ်ပြန်ပေးသွားမည်ဟုလည်း စစ်ဒေသခွဲအမှတ် ၃ က ထုတ်ပြန်ထားသည်။  

    မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်သွားလာနေကြသည့် ခရီးသွားပြည်သူများ၊ ကားများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့် ပတ်သက်သည့် ပစ္စည်းများ တင်ဆောင်ခြင်းလုံးဝမပြုရန်အပါအဝင် အချက် ၄ ချက်ပါ ထုတ်ပြန်ချက်တစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၆) တပ်မဟာက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

    ထုတ်ပြန်ချက်တွင် ဇွန်လ ၁၅ ရက်နေ့မှစပြီး အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအနေဖြင့် KNLA မှ ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဥ်ပေါ်စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များအနေနှင့်လည်း ကြည်ဖြူစွာ ရပ်တန့်အစစ်ဆေးခံရန် ပါရှိသည်။

    “စစ်ဆေးမေးမြန်းတာကတော့ သံသယဖြစ်စရာလူတွေပါလား။ ထူးဆန်းတာတွေပါလား။ အဲ့လိုတွေလိုက်ကြည့်တာပေါ့လေ။ ကိုယ့်ရွာက လူတွေပဲဆိုရင် သူတို့က ဘာမှမလုပ်ပါဘူး။ ထူးဆန်းတဲ့လူတွေပါလာရင်တော့ မေးတယ်ပေါ့။ ဘယ်ကလာ ဘာညာပေါ့ အဲ့လောက်ပါပဲ” ဟု မော်လမြိုင်-ရေး လိုင်းကားပြေးဆွဲနေသူတစ်ဉီးက ပြောသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများလုပ်ဆောင်နေသည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNLA က ဆိုထားသည်။

    အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် တိတိကျကျလိုက်နာကြရန်နှင့်  လိုက်နာခြင်းမရှိဘဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို KNLA အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

    ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

    ရေး-သံဖြူဇရပ်ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks