spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ဟံဂံရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင်လူတစ်စု ပစ်ခတ်၊ ဇနီးဖြစ်သူကိုလည်း ဖမ်းခေါ်သွား

    ရေးမြို့နယ် ဟံဂံရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင်လူတစ်စု ပစ်ခတ်၊ ဇနီးဖြစ်သူကိုလည်း ဖမ်းခေါ်သွား

    -

    မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ဟံဂံရွာ ရပ်ကွက် (၁၀) ရှိ အုပ်ချုပ်ရေးမှူးနေအိမ်ကို အင်အား ၁၀ ဦးခန့်ရှိ လက်နက်ကိုင်လူတစ်စု ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းခဲ့ကြောင်း ထိုချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် သား၊ မြေးတို့ ထွက်ပြေးရန် လုပ်ဆောင်ချိန် လက်နက်ကိုင်လူတစ်စုတို့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟံဂံဒေသခံတစ်ဦးက ပြောသည်။

    “သူတို့ (လက်နက်ကိုင်လူတစ်စု) က တံခါးဖွင့်ခိုင်းချိန်မှာ အုပ်ချုပ်ရေးမှူးရယ်၊ သူ့မိန်းမရယ်၊ သူ့သားရယ် သူ့မြေးရယ်က အိမ်မှာရှိနေကြတာ။ သူ့သားကို ပုန်းခိုင်းတယ်။ သူမြေးကို ထွက်ပြေးခိုင်းပြီးတော့ သူလည်း ထွက်ပြေးတယ်။ သူ့မိန်းမပဲကျန်ခဲ့တာ။ အဲချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။

    အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အိမ်တွင် ကျန်နေခဲ့သည့် အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်ပုတင်(ခ) မမီးကို လက်နက်ကိုင်တို့က ဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့ပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

    “ဇနီးဖြစ်သူကိုခေါ်သွားပြီး ညတွင်းချင်းပဲပြန်လွှတ်ပေးတာ။ မိုးချုပ်နေတော့ ခြံတစ်ခြံမှာ ဝင်အိပ်လိုက်တာ။ မနက်မိုးလင်းတော့ ခြံပိုင်ရှင်က အိမ်လာပို့ပေးတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

    လက်နက်ကိုင်တို့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူး၏ မြေးဖြစ်သူမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း ကျန်မိသားစုဝင်များ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

    ဒေသခံတို့၏ ပြောဆိုချက်အရ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့သည် နိုင်ချမ်းဦးဆောင်သည့် ရာမညတပ်ဖွဲ့ ဖြစ်သည်ဟု ဆိုသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံနေရသည်။

    ၎င်းပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဝန်ထမ်းများအပြင် ရပ်ကျေးအုပ်ချုပ်မှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ၊ အရပ်သားများ ပစ်သတ်ခံရသည့်ဖြစ်စဥ်တွေလည်း မကြာခဏဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks