ပါတီမှတ်ပုံတင်ခွင့်ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဇွန်လ ၁၉ ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကို နေပြည်တော်ရှိ ပါတီဌာနချုပ်တွင်လည်းကောင်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ဧည့်ရိပ်သာတွင်လည်းကောင်း တွေ့ဆုံ စစ်ဆေးခဲ့ကြောင်း ဆိုသည်။
မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်း စုဆောင်းရမည့် ပါတီဝင်အင်အားနှင့် ဖွင့်လှစ်ရမည့် ပါတီရုံးခန်းများကို အချိန်မီ ပြီးစီးအောင် စနစ်တကျဆောင် ရွက်ရေး၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်နှင့် ပါတီအလံများစိုက်ထူခြင်းတို့ကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် UEC က ညွှန်ကြားထားသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက မှတ်ပုံတင်ခွင့်ပြုခဲ့သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကိုလည်း ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို UEC က စစ်ဆေးခဲ့သည်။
လက်ရှိတွင် ပုဒ်မ ၂၅ အရ ပါတီမှတ်ပုံခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီရှိသည့်အနက် မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၂၅ ခုရှိပြီး ပုဒ်မ ၃ အရ အသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ပါတီအနက် ပါတီတည်ထောင်ခွင့်ရထားသည့် ၇ ပါတီရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။