spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းတွေမှာ ယခုပညာသင်နှစ် ကျောင်းသားဦးရေး တိုးလာ

    မွန်အမျိုးသားကျောင်းတွေမှာ ယခုပညာသင်နှစ် ကျောင်းသားဦးရေး တိုးလာ

    -

    မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညားရေးဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းတွေမှာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသားဦးရေး တိုးလာသည်ဟု ကျောင်းတာဝန်ရှိသူတို့ထံမှ သိရသည်။

    ရေးချောင်းဖျားဒေသရှီ ညီစား မွန်အမျိုးသားအထက်တန်းကျောင်းမှာတော့ ပြီးခဲ့သည့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်က ကျောင်းသူ ကျောင်းသား ၅၅၆ ဦးရှိခဲ့ရာမှ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူ ကျောင်းသား ၆၅၇ ဦးအထိ တိုးလာသည်ဟု ဆိုသည်။

    “မနှစ်ကစပြီးတော့ များလာတယ်။ အစိုးရကျောင်းကနေ ပြောင်းလာတဲ့သူများတယ်။ ဒီကျောင်းက မြို့နဲ့ ဝေးတယ်ဆိုတော့ အေးအေးဆေးဆေးနေရတယ်ဆိုပြီး ရောက်လာကြတယ်။ စစ်တပ်အာဏာသိမ်းအခြေအနေကြောင့် သူတို့ဒေသမှာ မအေးချမ်းတော့ ဒီနေရာကို ရောက်လာတာများတာပေါ့ ပြီးတော့ အစိုးရကျောင်းတွေမှာလည်း မအေးချမ်းဘူး။ အဲတာကြောင့်လည်း ဒီမွန်အမျိုးသားကျောင်းမှာ လာတတ်တာ များလာတာပါ” ဟု ညီစားမွန်အမျိုးသားအထက်တန်းကျောင်းအုပ်က ပြောသည်။

    အလာတူ ရေးမြို့နယ်ရှိ အင်ဒင်မွန်အမျိုးသားအထက်တန်းကျောင်းတွင်လည်း နယ်မြေမတည်ငြိမ်သည့်ဒေသက ကျောင်းသူ ကျောင်းသားများ ပြောင်းရွှေ့လာသည့်အတွက် ယခုပညာသင်နှစ်တွင် ကျောင်းသားတိုးလာကြောင်း ကျောင်းတာဝန်ရှိသူတို့က ပြောသည်။

    “ဒီနှစ်က စစ်ဘေးရှောင်နေရတဲ့ ကော့ကရိတ်ဘက်ကနေ ၂၀ ဝန်ကျင်းလောက် လာတတ်ကြတယ်။ ကော့ကရိတ်မြို့နယ်၊ ကော့ကျိုက်ကျေးရွာကနေ လာတတ်တာ အများဆုံးပဲ” ဟု အင်ဒင် မွန်အမျိုးသားအထက်တန်းကျောင်းမှ ဆရာမ မိမနွတ်ရော့က ပြောသည်။

    မွန်အမျိုးသားပညာရေးဌာနအောက်တွင် ရေးချောင်းဖျားဒေရှိ ညီစားအထက်တန်းကျောင်း၊ ရေးမြို့နယ်ရှိ အင်ဒင်အထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝင်္ကပါအထက်တန်းကျောင်းဆိုပြီး အထက်တန်းကျောင်း ၃ ကျောင်းရှိကာ ကျောင်းအိပ် ကျောင်းစားဖြင့် အနယ်နယ်အရပ်ရပ်က ကျောင်းသူ ကျောင်းသားများ လက်ခံသင်ကြားပေးနေသည်။

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ညီစားအထက်တန်းကျောင်းတွင် ကျောင်းသူ ကျောင်းသား ၆၅၇ ဦး၊ အင်ဒင်အထက်တန်းကျောင်းတွင် ၂၉၅ ဦးနှင့် ဝင်္ကပါအထက်တန်းကျောင်းတွင် ၄၅၀ ဦးအထိ တက်ရောက်သင်ကြားနေသည်ဟု သိရသည်။

    ကျောင်းသူ ကျောင်းသားဦးရေး များလာသည့်အတွက် စာသင်ကျောင်းဆောင်နှင့် နေစရာအဆောင် အခက်အခဲရှိလာသည်ဟု ကျောင်းတာဝန်ရှိသူတို့ထံမှ သိရသည်။

    “ဒီနှစ်က မနှစ်ကထက်တော့ အခက်ခဲဖြစ်တာပေါ့။ မနှစ်က နေစရာ၊ စာသင်တဲ့နေရာ လုံလုံလောက်လောက်ရှိတယ်။ ဒီနှစ်က ကျောင်းသားတွေ တိုးလာတယ်ဆိုတော့ နေတဲ့နေရာနဲ့ စာသင်တဲ့နေရာတွေမှာ ကျဥ်းလာတယ်ပေါ့။ စာသင်ခန်းတစ်ခန်းမှာဆိုရင် ရှိသင့်တဲ့ ကျောင်းသားဦးရေထက် ပိုလာတယ်” ဟု ညီစားအထက်တန်းကျောင်းအုပ်က ဆက်ပြောသည်။

    မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် ကျောင်းများဖြစ်ပြီး အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၁၃၆ ကျောင်းနှင့် ၁၀ တန်းလွန် Post Ten အတန်းနှင့် မွန်အမျိုးသားကောလိပ်ကိုပါ ဖွင့်လှစ်သင်ကြားပေးနေသည်။

    ၎င်းပြင် အစိုးရကျောင်းများနှင့် တွဲဖက်သင်ကြားနေသည့် မွန်စာပေသင်ကျောင်းလည်း ၉၀ ကျောင်းကျော်ရှိသည်ဟု မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်က မွန်အမျိုးသားကျောင်းများတွင် ဖွင့်လှစ်ထားသည့် မူလတန်းမှ Grade – 11 အထိကို ကျောင်းသူ ကျောင်းသားပေါင်း ၁၂၆၀၀ ဦးကျော်ရှိပြီး ဆရာ ဆရာမ ၇၆၆  ဦးရှိကြောင်း မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

    မွန်အမျိုးသားကျောင်းများကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင်လည်း ဖွင့်လှစ်သင်ကြားပေးနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks