spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိပြီး ကလေးငယ် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

    ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိပြီး ကလေးငယ် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး၊ မိသားစုဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကော့ကရိတ်မြို့အနီး လှိုင်ဝကုန်းရှိ စစ်ကောင်စီတပ်တို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွာတန်းရှည်ရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

    နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ မိသားစုဝင် ၃ ဦးအနက် အသက် ၁၂ အရွယ် စောကျော်သန်းအောင်ဆိုသူ သေဆုံးသွားပြီး၊ အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ် ညီမဖြစ်သူတို့ အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ကော့ကရိတ်တောင်ပိုင်းဒေသကို စစ်ကောင်စီတပ်တို့မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ဘာတိုက်ပွဲမှ မရှိဘူး။ ဒီလိုပဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ ဒီလိုမျိုး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကတော့ ဆက်တိုက်ပဲ လုပ်လာတယ်။ လူထိတာ လူသေဆုံးတာတွေလည်း ရှိနေတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    ယမန်နေ့ ဇွန်လ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု ဆံဖလားကျေးရွာထဲ စစ်ကောင်စီတပ် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

    စစ်ကောင်စီတပ် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆံဖလားကျေးရွာ မူလတန်းစာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၄ လုံးအပြင် ဒေသခံဥယျာဥ်ခြံမြေများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်သည် လူနေကျေးရွာအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ နေအိမ်များနှင့် ပြည်သူပိုင်ဥယျာဥ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts