Thursday, March 19, 2026
More
    spot_img
    Homeသတင်းကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

    ကမ်းနီးကျေးရွာအနီးတွင် လက်နက်ကြီးကျည်ထိပြီး ဒေသခံ ၁ ဦး သေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီးကျေးရွာအနီးတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး သရက်တောကျေးရွာခံ ၁ ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့က ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကမ်းနီးကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘေးတွဲဆိုင်ကယ်စီးနင်းလာသည့် သရက်တောကျေးရွာမှ နိုင်ပုဆိုသူ လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    “ဖြစ်စဥ်ကတော့ ဒီမနက်မှာ PDF တွေက ကျုံဒိုးမြို့အနီးကိုကပ်ပြီးတော့ (စစ်ကောင်စီတပ်စခန်း) ဒရုန်းနဲ့ ပစ်ချတာ။ ဟိုကလည်း လက်နက်ကြီးနဲ့ ပြန်လှမ်းပစ်တယ်။ ပစ်တော့ ကမ်းနီးအနီးမှာ ကျကွဲသွားတယ်။ အဲလူက သရက်တောကနေ ဘေးတွဲနဲ့ ထွက်လာတဲ့အချိန်မှာ ထိသွားတယ်။ ခြေထောက်ပြတ်သွားတယ်။ ခေါင်းမှားလည်း ထိပြီး ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဘာမှဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မေလ ၂၈ ရက်နေ့ကလည်း ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၆ တပ်ရင်းမှ ၁၂၀ မမ နှင့် ၁၀၅ မမ လက်နက်ကြီးများဖြင့် ကော့ကာကျေးရွာထဲ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကာကျေးရွာမှ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင်၊ အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၊ အသက် ၅၇ နှစ် ဒေါ်သိန်းရွှေတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး၊ ၆ လုံး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲသည်ဟုလည်း ထုတ်ပြန်ထားသည်။

    မေလအတွင်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကော့ကာကျေးရွာတွင် ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks