မိုခါ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်မှုကြောင့် အဆောက်အဦးများ ပြိုကျပျက်စီးမှု၊ ဓါတ်တိုင်အများအပြားကျိုးကျခြင်း၊ သစ်ပင်ကြီးများ လဲကျမှု များပြားကြောင်း စစ်တွေ မြို့ခံတစ်ဦးက ပြောသည်။
“ကျနော်ကတော့ စစ်တွေပဲ ဖုန်းလိုင်းကလည်း အခုမှ ရတာလေ၊ အင်တာနက်လည်း မရှိတော့ တခြားနေရာတော့ မသိဘူး။ စစ်တွေကတော့ အပျက်အဆီးတော်တော်များပါတယ်။ ကုန်းအမြင့်ဆုံးဆိုတဲ့ နေရာမှာ လူတွေ ခိုအောင်းကြတာပေါ့ ဘုန်းကျောင်းပေါ်၊ ကျနော်လည်း အဲဒီဖက်ရောက်သွားတာပေါ့။ အဲဒီဘုန်းကြီးကျောင်းဆိုရင် တစ်ကျောင်းမှ အကောင်းမကျန်သလိုဖြစ်သွားတယ်။ တကယ့်အခိုင်အမာ ဆောက်ထားတဲ့ ကျောင်းတွေက ဘုန်းကြီးကျောင်းက ခေါင်မိုးတွေ လန်ထွက် တော်တော်ပြိုပျက်တယ်။ လမ်းတစ်လျှောက်မှာလည်း မီးတိုင်တွေ၊ ဖုန်းတိုင်တွေ အကုန်လဲကျတာပေါ့။ သစ်ပင်အကြီးတွေဆိုရင် မရှိသလောက်ပဲ။ လမ်းတွေကပိတ်၊ လူတွေက ကိုယ့်ဟာကိုယ်ပဲ ရှင်းလင်း အဲလိုပေါ့ တောထဲမှာ မြို့လည်ခေါင် လမ်းမထဲမှာ တောထဲမှာ သွားနေရသလို သွားနေရတယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း ကိုယ်ထူကိုယ်ထဖြင့် လမ်းမများကို ရှင်းလင်းခဲ့ပြီးနောက် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ သွားလာ၍ ရနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
မုန်တိုင်းဝင်ရောက်မည်ဆိုသည်ကို အာဏာပိုင်များက ကြိုတင်ကြေညာထားသည့်အတွက် ကျောက်ဖြူမြို့တွင် ကြိုတင်ပြင်ဆင်နိုင်ခဲ့၍ အပျက်အဆီးနည်းခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ပြောသည်။
“မုန်တိုင်းဝင်သွားတာနဲ့ ပတ်သက်လို့ အစိုးရဖက်က ကြိုတင်ကြေညာထားတဲ့အတွက်ကြောင့် လူတွေကတော့ တော်တော်လေး ဆင်ဆင်ယှဉ်ယှဉ်နဲ့ လုပ်နိုင်ကြတယ်၊ နောက်အချိန်ကလည်း တော်တော်လေးရတဲ့အတွက်ကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့ဖက်မှာလည်း ကိုဗစ်အတွေ့အကြုံတွေ ရှိတဲ့အခါကြတော့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း အဆင်သင့်ရှိကြတယ်လေ၊ ရှိကြတဲ့အခါ တကယ်လို့ အန္တရာယ်ရှိရင်တောင်လည်း သူတို့တွေ ဝိုင်းပြီးတော့ ကူနိုင်ကြတယ်၊ ဒါပေမဲ့ ဒီမှာ အဲဒီလောက်အထိ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားတွေ သတင်းမထွက်ဘူးပေါ့၊ ဓါတ်တိုင် တစ်တိုင်၊ နှစ်တိုင် ထွမ်စပိုမာ တပ်ထားတဲ့ တိုင်တွေက နည်းနည်းလေး လုပ်ပုံကိုင်ပုံက အားနည်းတာနဲ့တူပါတယ်၊ ဒီလောက်မုန်တိုင်းနဲ့ ဲမသွားသင့်ဘူး” ဟု ပြောသည်။
မိုခါမုန်တိုင်းကြောင့် ကျောက်ဖြူတွင် လူသေဆုံးမှု ရှိ မရှိကို မသိရှိရသေးကြောင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အခက်အခဲရှိနေသေးကြောင်း ၎င်းက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိသည်။
မုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီး ရောက်ရှိ နေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်ဟု သတ်မှတ်ကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက် ၆ နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သို့ ရောက်ရှိနိုင်ပြီးနောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် မေ ၁၅ ရက်နေ့ နံနက်မှ နောက် ၂၄ နာရီအတွင်း နေပြည်တော်အပါ တိုင်းနှင့် ပြည်နယ်အားလုံးတွင် နေရာအနှံ့အပြားနှင့် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်ခန့် တိုက်ခတ် နိုင်ပြီး လှိုင်းအမြင့်သည် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ် နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။
မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။