spot_img
Saturday, December 7, 2024
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်ပေါင်းစု (သို့ မဟုတ်) ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး စိန်ခေါ်မှုများ (ဆောင်းပါး)

    တော်လှန်ရေးတပ်ပေါင်းစု (သို့ မဟုတ်) ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေး စိန်ခေါ်မှုများ (ဆောင်းပါး)

    -

    ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးကို လွန်ခဲ့သည့် ၂၀၁၁-၂၀၁၈ ကာလတုန်းက တည်ဆောက်ခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတခု ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ပထမဦးဆုံးသော အမြင်ဖြစ်ပါသည်။ ထိုသဘောထားအမြင်ကို UNFC ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြခဲ့သည်။ သို့ သော် တပ်မတော်ကိုယ်စားလှယ်များမှ လက်မခံပေ။

    ယခု စစ်အာဏာသိမ်းထားသည့် ကာလတွင် တောင့်တင်းခိုင်မာသည့် တော်လှန်ရေးတပ်ပေါင်းစုက လိုအပ်နေပါသည်။ စစ်အာဏာရှင်စနစ်အား အပြီးအပိုင် ဖျက်သိမ်းရန် အခြေအနေကတောင်းဆိုနေပါသည်။ တော်လှန်ရေးတပ်ပေါင်းစု (သို့ မဟုတ်) ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးမှာ အထူးဆောင်ရွက်ရမည့်ကာလဟု နိုင်ငံရေးသုံးသပ်သူများမှ သဘောတူကြပါသည်။  စစ်အာဏာရှင်ကို မကြိုက်သည့်သူများအားလုံး ပါဝင်သည့် တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းပြီး လက်ရှိတော်လှန်ရေးကို ဆက်သွားသင့်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ပြောဆိုသည်။

    တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်မက တော်လှန်ရေးအဖွဲ့အစည်းအကြား ပူးပေါင်းရန် လိုအပ်သည်ဟု ပြောသည်။

    မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာ လှကျော်ဇောကတော့ “ကျမပြောချင်တာက တစ်ခုပါပဲ။ ကျမတို့ ဗမာပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ ဒီစစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံလာတာပါ။ ဒီစစ်အာဏာရှင်စနစ်မရှိမှ ကျမတို့ တိုင်းပြည်ကြီး ငြိမ်းချမ်းမယ်။ တိုးတက်ဖွံ့ဖြိုးမယ်။ တိုင်းသူပြည်သားတွေ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးနေလို့ရမယ်။ ဒါကြောင့်မို့လို့ ဒီစစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ လူအားလုံးပါဝင်တဲ့ တပ်ပေါင်းစု တစ်ခုဖွဲ့ပြီးတော့ စနစ်တကျဒီတော်လှန်ရေးကို ဆက်သွားဖို့ လိုတယ်။ ဒါမှသာ ကျမတို့ တော်လှန်ရေး အောင်မှာဖြစ်တယ်” ဟု ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီကို ဖြုတ်ချရေး ကြိုးပမ်းမှုများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ စုဖွဲ့ကာ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းသွားရန် ပြင်ဆင်နေမှုများလည်း ရှိနေသည်။

    သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ PDF နှင့် ဒေသခံကာကွယ်ရေးတပ် (LDF) တို့အကြား စုစည်းနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

    စစ်ကောင်စီတပ်များကို တိုက်ခိုက်နိုင်ရေး တော်လှန်ရေးအင်အားစုများ စုစည်းပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့်ကျင့်သုံးနိုင်မည့် ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို ထူထောင်ရန် ကြိုးစားရမည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    “ကျနော်တို့ကတော့ ခုချိန်ကာလမှာ အလုံးစုံ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ မတူကွဲပြားမှု၊ ခြားနားမှုတွေ ရှိပေမဲ့ ဒီနေ့ အချိန်အခါမှာ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ဆို တာ သဘောပေါက် နားလည်ပြီးတော့ NUG နဲ့ ပူးပေါင်းပြီးမှ အလုပ်လုပ်ကိုင်နိုင်ဖို့ ကျနော်တို့ကတော့ အဓိက တိုက်တွန်းပါတယ်၊ အဲဒီမှာ NUG အနေနဲ့လည်း ဒီနွေဦးတော်လှန်ရေး တစ်ခုလုံးရဲ့ ခေါင်းဆောင် အင်အားစုကြီး အဖြစ် အသိအမှတ်ပြုခံရမှု မကြိုးစားဘဲနဲ့ ညီညွတ်ရေးကို တည်ဆောက်ကြဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။ ဒီအချိန်မှာ အဓိကအားဖြင့် စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့ စုစည်းနိုင်တဲ့ နေရာကနေ ကျယ်ကျယ်ပြန့်ပြန့် စုစည်းပြီးတော့ တစ်သွေးတစ်သံတစ်မိန့် ကျင့်သုံးနိုင်တဲ့ ဖက်ဒရယ်အာမီတစ်ရပ်ကို ထူထောင် နိုင်အောင် ကြိုးစားရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

    ဖက်ဒရယ်တပ်မ‌တော် တည်‌ဆောက်ရန် အလှမ်းဝေးနေသေးကြောင်း၊ လက်ရှိ ပြန့်ကျဲနေသည့် PDF များကို အရင်စုစည်းသင့်သည်ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

    “ခေါင်းမရှိဘဲနဲ့ ခေါင်းအများကြီးနဲ့ ပြောရဆိုရတာတော့ မလွယ်သေးဘူးထင်တယ်၊ ဒါကြောင့် NUG အောက်မှာ တစ်စုတစ်စည်းတည်းဖြစ်အောင် ကြိုးစားကြမလား၊ ဒါမှ မဟုတ် PDF တွေ အကုန်လုံးက ကိုယ့်ဟာနဲ့ကိုယ် ညီညွတ်မှုတစ်ခုကို တည်‌‌ဆောက်ပြီးတော့ တပ်ဖွဲ့တစ်ခု တည်ထောင်ကြမလားပေါ့၊ နိုင်ငံရေးဘေးကိုထားပြီးတော့ စစ်ရေးအနေနဲ့ ပူးပေါင်းကြမလားပေါ့၊ အဲဒီလို PDF တွေ အများကြီး Local PDF တွေက အဲဒီလို တစ်စုတည်း၊ တစ်ဖွဲ့တည်းဖြစ်အောင် အရင်ကြိုးစားနိုင်မှ တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားကို ဖက်ဒရယ်အာမီဆိုတဲ့ စကားကို ပြောလို့ရနိုင်လိမ့်မယ်၊ အခုချိန်မှာတော့ အဲဒီလို ပြန့်ကျဲနေတဲ့ အင်အားစုတွေကို တစ်စုတစ်စည်းတည်း မဟုတ်တဲ့အခါမှာ ဖက်ဒရယ်အဆင့်မပြောနဲ့ ကျနော်တို့ ရိုးရိုးသာမန် အစုအဖွဲ့တစ်ခု မဖြစ်လာပဲနဲ့ စစ်ကောင်စီကို တိုက်ဖို့ ကိစ္စမှာတောင်မှ စစ်ရေးအားဖြင့်တောင်မှ မူမချနိုင်သေးတဲ့အခါမှာ ဘယ်လိုတိုက်မယ် ဘယ်လို စစ်ရေးအခြေအနေမျိုးကို ဘယ်လိုရင်ဆိုင်သွားမယ်ဆိုတဲ့ စစ်ရေးဗျူဟာတောင် မချနိုင်သေးတဲ့အခါမှာ နိုင်ငံရေးဗျူဟာကို ချဖို့ကတော့ တော်တော့ကို အချိန်ယူရဦးမယ်၊ ဒီဖက်က စုစည်းမှုတွေ အများကြီးယူရဦးမယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ကျေးရွာခြေစိုက် ပျောက်ကြားစစ်မဟာဗျူဟာဖြင့် တိုက်ပွဲဝင်နေသည့် ဒေသကာကွယ်ရေးတပ် (LDF) များ ပေါ်‌ပေါက်လာခဲ့သည်။ ပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း (၃၀၀) ကျော်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့ စည်းနိုင်ခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ခိုက်ရန် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့ စည်းခြင်း (၂) နှစ်ပြည့် အခမ်းအနားတွင် ထိုတိုက်ခိုက်ရေးတပ်များကို တိုက်တွန်းခဲ့သည်။

    ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက်ရှိ ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၏ ကူညီထောက်ပံံ့မှုဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ခိုက်မှု အစွမ်းအစလည်း တိုးတက်လာသည်ကို တွေ့ ရပေသည်။

    UNFC တွင် ပါဝင်သည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၏ အလံတော်များ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts