မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီဂိတ် တိုက်ခိုက်ခံရပြီးတော့ BGF တစ်ဦး သေသွားတယ်။ ၂ ဦး ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီထောက်ခံသူတို့ဘက်ကတော့ ရေးမြို့အဝင်ကဂိတ်ကို သင်္ဃန်းဝတ် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့၏ တယ်လီဂရမ်ချာနယ်တို့တွင် ရေးသားထားသည်။
အဆိုပါ တိုက်ခိုက်သူတို့ထံမှ သင်္ဃန်းနှစ်ထည်၊ m 16 ကျည်ဘောက်အရှည် ၁ ခု၊ ကျည် ၃ တောင့် သိမ်းဆည်းမိရခဲ့သည်ဟုလည်း ရေးသားဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရေးမြစ်ကူးတံတားကြီးစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို ရေးဘီးလူးအဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။