Homeသတင်းဇင်းကျိုက်မြို့ ဖလပ်ကျေးရွာမှ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ 

ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာမှ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ 

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာ ဝတ်ကြီးအပိုင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

သေနတ်ဖြင့်ပစ်သတ်ခံရသူသည် အသက် ၅၂ နှစ်အရွယ် ဦးကျော်စိုးမိုး (ခ) စတီးရိုးဆိုသူဖြစ်ပြီး ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဦးစတီးရိုးက ဥတ္တံတားကျေးရွာဘက်ကနေ ဇင်းကျိုက်မြို့ဘက်ကို ဆိုင်ကယ်နဲ့သွားနေတဲ့အချိန်မှာ အနောက်ကနေ မော်တော်ဆိုင်ကယ်နှင့် လူနှစ်ယောက်လိုက်လာပြီးတော့ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးကျော်စိုးမိုး (ခ) စတီးရိုးသည် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံ၊ လည်ပင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာတစ်ချက်စီနှင့် ဆီးခုံတွေ သေနတ်ဒဏ်ရာနှစ်ချက် ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးကျော်စိုးမိုး (ခ) စတီးရိုး၏ ရုပ်အလောင်းအား လူမှုကယ်ဆယ်ရေးယာဥ်ဖြင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ ရဲတပ်သားမောင်ကိုကိုနှင့် ရဲတပ်သားခိုင်ဇော်ထွန်းတို့နှစ်ဦးကိုလည်း အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၉ ဦးထက်မနည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံတို့ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts