spot_img
Thursday, August 7, 2025
More
    spot_img
    Homeသတင်းအနာဂတ် ဗမာပြည်နယ် ဖွဲ့ စည်းရေး အမြင်အမျိုးမျိုး

    အနာဂတ် ဗမာပြည်နယ် ဖွဲ့ စည်းရေး အမြင်အမျိုးမျိုး

    -

    ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်နေ့ တွင် အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကျင်းပခဲ့သည့် (၇၆) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုသည့်အထိမ်းအမှတ့် (ပြည်ထောင်စုနေ့ ) တွင် ဗမာပြည်နယ်ဖွဲ့ စည်းရေးကို မဖြစ်မနေ စဉ်းစားဆောင်ရွက်ရမည် ဆိုသည့် အဆိုအပေါ် နိုင်ငံရေးသုံးသပ်သူများအကြား အမြင်အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။

    အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်‌ရေးမှာ ဗမာပြည်နယ်ဖွဲ့စည်းရေးက အန္တရာယ်ကြီးသည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

    ဗမာပြည်နယ် ဖွဲ့စည်းမည်ဆိုပါက လူမျိုးစုအလိုက် ပြည်နယ်တောင်းဆိုမှုများလည်း ရှိလာနိုင်သကဲ့သို့ ကွဲထွက်ရန်လည်း လွယ်ကူသွားသည်ဟု ၎င်းက ဆိုသည်။

    “ကျနော်တို့က အနာဂတ်မှာ အဲဒီလို ဗမာပြည်နယ် ဖွဲ့မယ်ဆိုတဲ့ ဥစ္စာက အန္တရာယ်တော့ ရှိတယ်၊ လူမျိုးစွဲတွေကြောင့်မို့လို့ နောက်ထပ်ပြည်နယ်ကလေးတွေ လူမျိုးအလိုက်၊ လူမျိုးအလိုက် ပြည်နယ်လေးတွေလည်း အများကြီး တောင်းလာနိုင်စရာရှိသလို ကွဲထွက်ဖို့လည်း လူမျိုးလိုင်း အတိုင်း ကွဲထွက်ဖို့လည်း ပိုလွယ်တယ်၊ ဆိုတော့ ဒီနိုင်ငံကို ဦးဆောင်ကြမယ့် လူတွေအနေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အဲဒါကို နားလည်ကြဖို့ လိုတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ တွင် တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။

    လက်ရှိ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီးမှသာ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စများကို ညှိနှိုင်းဆွေး‌နွေးသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    ဒေါက်တာ လှကျော်ဇောက “ကျမ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်ပြောတာ သိပ်သဘောကျတာ၊ သူပြောတာ ကျနော်တို့ရဲ့ အဓိက တာဝန်ကတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်အောင် တိုက်ဖို့ပဲတဲ့၊ တိုက်ပြီးရင် ကျန်တာ ကျနော်တို့ မောင်နှမ အချင်းချင်းတွေတဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီကိစ္စတွေ ပြဿနာတက်နေတာ ဖက်ဒရယ် တို့၊ ဘာတို့ ဒါတွေဟာ ဒီစစ်တပ်က ပြည်တွင်းစစ်ကို ဖန်တီးပြီး ကတည်းက လူမျိုးစု အမျိုးမျိုးကွဲအောင် ပြည်တွင်းမှာရော၊ တောင်တန်းဒေသတွေ၊ လူမျိုးစုကြားတွေမှာရော သူတို့ လုပ်နေတာ ဒီကိစ္စပြီးသွားမှ ခုန တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ပြောသွားတဲ့ မောင်နှမ အချင်းချင်း ဖြစ်တဲ့အတွက် ဖြေရှင်းလို့ရမှာပါ” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေး‌နွေးခဲ့သော်လည်း စစ်ကောင်စီဘက်မှ လက်ခံသည့် အနေအထားမရှိကြောင်း သိရသည်။

    အနာဂတ် ပြည်ထောင်စုအတွက် ဗမာပြည်နယ် ဖွဲ့စည်းရန် လိုအပ်သလို ပင်လုံစာချုပ်ကိုလည်း အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    ၎င်းက “ကျနော်တို့ သဘောထားတွေကလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်နယ်ဖွဲ့စည်းဖို့ လိုပါတယ်၊ အဓိက-ကတော့ ၈ ပြည်နယ်မူပေါ့ဗျာ၊ ဒါပေမဲ့ တခြားအမျိုးသားများ ပြည်နယ်လည်း ရှိလာရင်လည်း ရှိလာနိုင်တာပေါ့။ ကျနော်တို့ ပင်လုံစာချုပ်အရ သွားဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုနေရာမှာလဲ ဆိုတာက‌တော့  ယတိပြတ် ပြောဖို့တော့ ခက်ပါတယ်။ ဒါက ပြန်ပြီးမှ ညှိနှိုင်းရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲရှိရှိ ပြည်မလို့ခေါ်တဲ့ နေရာတွေကတော့ အထူးသဖြင့် အများဆုံးကတော့ ဗမာပြည်နယ်ထဲမှာ ပါသွားပါ လိမ့်မယ်၊ ပေါင်းစု ပြည်ထောင်စုဆိုတဲ့ဟာမျိုး ဖက်ဒရယ်ဆိုတာက အဲဒီအတိုင်းပဲ သွားရမယ် ဒါမှမဟုတ်ဘူးဆိုရင် ပြည်နယ်တွေနဲ့ပဲ အခုက တိုင်းလည်းရှိနေတယ်၊ ပြည်နယ်လည်း ရှိနေတယ်ဆိုတော့ ဒီနှစ်ခုက ယူနစ်ချင်းက တူချင်မှ တူမှာကိုး၊ ဒါကြောင့်မို့လည်း ပြည်နယ်ယူနစ် တစ်ခုတည်းဖြစ်ပြီးမှ သွားဖို့က လိုတာပေါ့၊ ဒါမှလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားရမှာ” ဟု ပြောသည်။

    ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည်လည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

    လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တွင် အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ အနေဖြင့် မြန်မာနိုင်ငံသည် စစ်မှန်သော ပြည်ထောင်စု  တည်ဆောက်ခဲ့မှု မရှိခဲ့သည့်အတွက် ပြည်ထောင်စုနေ့ အစား ပင်လုံစာချုပ် ချုပ်ဆိုသည့်အထိမ်းအမှတ်နေ့ အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,200SubscribersSubscribe
    spot_img

    Latest posts