spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းရဲစခန်း စီးနင်းခံရမှုဖြစ်စဥ်တွင် အမျိုးသမီးတစ်ဦးသေဆုံး

    ကော့ဘိန်းရဲစခန်း စီးနင်းခံရမှုဖြစ်စဥ်တွင် အမျိုးသမီးတစ်ဦးသေဆုံး

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ရဲစခန်း ဝင်ရောက်စီးနင်းခံရမှုဖြစ်စဥ်တွင် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကား ၇ စီးဖြင့် ကော့တုံကျေးရွာရှိ နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့နှင့် ရဲတပ်ဖွဲ့ဝင်များရှိနေသည့် မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

    အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အတွင်း ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၁ ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    “ရွာမှာရှိတဲ့ ကင်းစခန်းမှာက BGF ရယ်၊ ပြည်သူ့စစ်ရယ်၊ နောက် ရဲတပ်ဖွဲ့ဝင်တွေလည်းရှိနေကြတယ်လို့ သိရတယ်။ အဲ့ဒီမှာ ပစ်ခတ်မှုတွေဖြစ်တော့ ရွာသူရွာသားတွေလည်း ကြောက်လန့်ကြတာပေါ့။ အိမ်တံခါးတွေပိတ်ပြီး ပုန်းတဲ့သူပုန်းကြ၊ တခြားနေရာကို ပြေးတဲ့သူတွေလည်း ပြေးကြနဲ့ပေါ့။ အဲ့ဒီပစ်ခတ်မှုမှာ ကော့တုံရွာက စကားမပြောနိုင်တဲ့ အ နေတဲ့ အမျိုးသမီးတစ်ယောက် ကျည်မှန်ပြီးသေတယ်။ နောက် အမျိုးသားတစ်ယောက်က ကျည်မှန်ဒဏ်ရာရတယ်” ဟု ကော့တုံဒေသခံတစ်ဦးက ပြောသည်။

    KNLA ပူးပေါင်းတပ်ဖွဲ့တို့က ကော့တုံကျေးရွာ ကင်းစခန်းကို တိုက်ခိုက်ပြီးနောက် ကော့ဘိန်းကျေးရွာဘက် ဆက်သွားပြီး ကော့ဘိန်းရဲစခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

    “ရဲစခန်းရဲ့အနောက်ဘက်မှာက ဘောလုံးကွင်း၊ ရဲစခန်းဘေးမှာက ကော့ဘိန်းအထက်တန်းကျောင်းရှိတယ်။ ကော့ဘိန်းရဲစခန်းကို မီးရှို့ကြလို့ မီးခိုးတက်တာမြင်တော့ အနီးအနားမှာရှိတဲ့ ရွာကလူတွေလည်း ထွက်ပြေးကြရတာပေါ့။ ၃ နာရီလောက်ကျမှ ကားတွေနဲ့ သူတို့ပြန်ထွက်သွားကြတယ်” ဟု ကော့ဘိန်းရွာခံတစ်ဦးက ပြောသည်။

    ကော့ဘိန်းရဲစခန်းတွင် လွန်ခဲ့သည့် နှစ်ပတ်လောက်ကတည်းက ရဲတပ်ဖွဲ့ဝင်များ မနေကြတော့ပဲ ကော့တုံကျေးရွာရှိသည့် ကင်းစခန်းတွင် ပြောင်းနေနေကြကြောင်း ဒေသခံတို့၏ ပြောကြားပြချက်အရ သိရသည်။

    ကော့ဘိန်းရဲစခန်း မီးရှို့ခံရပြီးနောက် ည ၈ နာရီအချိန်ခန့်တွင် စစ်ကောင်စီကားနှစ်စီး ရောက်ရှိလာကြောင်း သို့သော်လည်း ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့နံနက်ပိုင်းထိ အခြေအနေငြိမ်သက်နေကြောင်းလည်း ဒေသခံတို့က ပြောသည်

    “ဒီနေ့မနက်မှာ ကော့ဘိန်းတိုက်နယ်ဈေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တွေနဲ့ သားငါးတွေရောင်းတဲ့ ဈေးသည်တွေလောက်ပဲ ဈေးထွက်ကြတယ်။ ရွှေဆိုင်တွေ၊ အထည်ဆိုင်တွေ စတဲ့ အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တွေကတော့ ဈေးမထွက်ကြဘူး။ ဒီနေ့မနက်ပိုင်းမှာတော့ ငြိမ်နေတယ်လို့ ပြောလို့ရပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကော့ဘိန်းကျေးရွာနှင့် အနီးနားက ကော့ပေါက်၊ ကော့တုံ အစရှိသည့်ကျေးရွာတို့မှ ဒေသခံများ ထိန်းလန့်ကြောင်ရွံ့နေကြပြီး တိုက်ပွဲများထပ်ဖြစ်လာမည်ကိုလည်း  စိုးရိမ်နေကြသည်။

    ကော့ဘိန်းကျေးရွာသည် မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်အနီးရှိ ကျေးရွာတစ်ရွာဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks