Homeသတင်းကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး ၂ ဦးအပါ ၄၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို

ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး ၂ ဦးအပါ ၄၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ် အာရှလမ်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၈ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အားများသည် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာသည့်အတွက် လုံခြုံရေးယူထားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

KNLA ပူးပေါင်းတပ်ဖွဲ့ တပ်ရင်း (၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့နှင့် ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း Cobra စစ်ကြောင်းမှ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးကျဆုံးကြောင်းနှင့် ဒေါနစစ်ကြောင်းမှ ၄ ဦး၊ နဂါးဖြူစစ်ကြောင်းမှ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟုလည်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည်ဘောက် (၁၂)ဘောက်၊ ၄၀မမ ကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ ၆၀မမကျည် (၁)လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့်၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံးတို့ကို Cobra စစ်ကြောင်းမှ သိမ်းဆည်းရမိပြီး KNLA တပ်ရင်း(၁၈) မှ MA3 (၁)လက် သိမ်းဆည်းရမိကြောင်း စစ်ကောင်စီသံချပ်ကာကား (၂) စီးလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီမှ ကျေးရွာအတွင်း လက်နက်ကြီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ကော့နွဲကျေးရွာက လူနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးကာ ကျေးရွာအတွင်း မွေးမြူထားသည့် ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts