Homeသတင်းစစ်ကောင်စီ လက်နက်ကြီးကြောင့် သိမ်ဇရပ်ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီးကြောင့် သိမ်ဇရပ်ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းက သိမ်ဇရပ်အခြေစိုက် ခမရ-၂၀၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လှည်းလမ်းကူးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံများ ဗုံးခိုကျင်းထဲ အိပ်နေရသည်ဟု ဒေသခံတို့က ပြောသည်။

“ဘာတိုက်ပွဲမှလည်းမရှိပဲနဲ့ အခုလိုပစ်တော့ ဒေသခံတွေကလည်း ကြောက်နေကြရတာပေါ့။ ညဆိုရင်လည်း ဗုံးခိုကျင်းတွေထဲဝင်အိပ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ထိခိုက်ဒဏ်ရာရသူနှစ်ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေဿခံတို့က ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း တောင်ကုန်းတွေမှာ အခြေစိုက်နေရာယူထားသည့် စစ်ကောင်စီတပ်တို့မှ ညစဉ်လိုလို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေလေ့ရှိသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံတို့က ဗုံးခိုကျင်းများ ထူးထားကြရကာ ပုန်းအောင်းနေကြရသည်ဟုလည်း ဒေသခံတို့က ပြောသည်။

သထုံခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်တို့အကြား မကြာခနထိတွေ့ပစ်ခတ်မှုဖြစ်ပွားလေ့ရှိပြီး ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးတိုင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts