Homeသတင်းသံဖြူဇရပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးရမိ

သံဖြူဇရပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့အဝင် ဖောင်စိန်တိုးဂိတ်တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က မွန်လွဲပိုင်းအချိန်ခန့်က မော်တော်ယာဉ်များ ပိတ်ဆို့စစ်ဆေးနေစဉ် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ စောမူးဖလယ်စိုး (၂၉) နှစ် မောင်းနှင်ပြီး ဦးမင်းနိုင် (၄၈) နှစ် လိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၂၈၀) ပြား (ဒေသကာလပေါက်ဈေး ၄၅၆၀၀၀၀ ကျပ်) နှင့်အတူ အမေရိကန်နိုင်ငံထုတ် SMITH & WESSON အမျိုးအစား ၉ – မမ ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၅) တောင့် နှင့် ထိုင်းနိုင်ငံထုတ် ZORAKI 2914 – T အမျိုးအစား ပွိုင့် – ၃၈ ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ကျည် (၁၀) တောင့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

ယာဥ်မောင်း စောမူးဖလယ်စိုးနှင့် ဦးမင်းနိုင်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နောက်တွင် ဆိုင်ကယ်ဖြင့် စောအယ်ဒူးဝါး (ခ) ဖိုးခွား (၃၄) နှစ် ဆိုသူလည်း လိုက်လာကြောင်း စစ်ဆေးသိရ၍ ဆက်လက်စောင့်ဆိုင်းခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် စောအယ်ဒူးဝါး (ခ) ဖိုးခွား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ဘောင်းဘီအိတ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြား (၄၀) ပြား (ဒေသကာလပေါက်ဈေး (၈၀၀၀၀) ကျပ်) ကို ထပ်မံသိမ်းဆည်းရမိကြောင်းလည်း သိရသည်။

“ဖောင်စိန်တိုးဂိတ်မှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ပစ္စတို (၂) လက်နဲ့ လူ (၃) ဦး ဖမ်းဆီးရမိထားတယ်လို့ သိရတယ်။ ကွင်းဆက်တွေကိုလိုက်နေတုန်းလို့ သိရပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် စောမူးဖလယ်စိုးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျွန်းချောင်းကျေးရွာနေသူဖြစ်ပြီး၊ ဦးမင်းနိုင်သည်

သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေမှဖြစ်ကြောင်း စောအယ်ဒူးဝါး (ခ) ဖိုးခွားသည် ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၄)၊ ဒေါနလမ်းနေသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts