Homeသတင်းယခုနှစ် အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ နှစ်ဆကျော် မြင့်တက်

ယခုနှစ် အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ နှစ်ဆကျော် မြင့်တက်

-

ယခုပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ နှစ်ဆကျော်မြင့်တက်လာကြောင်း  ‌အဝေးသင်ကျောင်းသားကျောင်းသူတို့ထံမှ သိရသည်။

ယခင်က အဝေးသင်တက္ကသိုလ်ကျောင်းအပ်ခကို ကျပ် ၂၀၀၀၀ ခန့်သာ ကုန်ကျခဲ့သော်လည်း စစ်ကောင်စီလက်ထက် ဖွင့်လှစ်မည့် ယခုပညာနှစ်မှာတော့ ကျောင်းအပ်ခ ၅၀၀၀၀ ခန့် ကုန်ကျကြောင်း မော်လမြိုင် အဝေးသင်တက္ကသိုလ် ‌ကျောင်းသားကျောင်းသူတို့ထံမှ သိရသည်။

“အမက ပြောတယ် သုံးသောင်းတောင်မကုန်ဘူးပေါ့ဆိုတော့ လာခဲ့တာ။ ဒီရောက်တော့ အပ်လည်း အပ်ရော အားလုံး ငါးသောင်းပြည့်တော့မယ်” ဟု မော်လမြိုင် အဝေးသင်တက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

အဝေးသင်တက္ကသိုလ်ကျောင်းသားများအတွက် ပို့ချချက်စာအုပ်ဖိုး ၃၈၀၀၀ ကျပ်၊ စာစဉ်မေးခွန်းဖိုး ၂၅၀၀ ကျပ်၊ မဂ္ဂဇင်းဖိုး ၄၀၀၀ ကျပ်၊ ကျောင်းအပ်ခနှင့် မှတ်ပုံတင်ကြေးအပါအဝင် ကျပ် ၅၀၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယခင်နှစ်များက ပို့ချချက်စာအုပ်ဖိုး ကျပ် ၁၅၀၀၀၊ စာစဉ်မေးခွန်းဖိုး ၂၅၀ ကျပ်၊ မဂ္ဂဇင်းဖိုး ကျပ် ၂၀၀၀ နှင့် ကျောင်းအပ်ခ၊ မှတ်ပုံတင်ကြေး စုစုပေါင်း ကျပ် ၂၀၀၀၀ ဝန်းကျင်သာ ကုန်ကျခဲ့ရကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

“စာအုပ်ဖိုးက တစ်ဝက်လောက်ထိကို တက်သွားတာ။ မေးခွန်းဖို့က ၂၅၀ ကနေ ၂၅၀၀ အထိ တိုးကောက်ထားတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင်သင်တန်း အပ်နှံရမည့်ရက်ကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်မတိုင်ခင်က အောင်မြင်ခဲ့သူများအတွက် ကျောင်းအပ်ရမည့်‌ရက်ကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts