မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က အောင်မေတ္တာရပ်ကွက်ရှိအ.လ.က (၂) ကျောင်းရှေ့တွင် သေနတ်သမားတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ နှစ်အရွယ် အုပ်ချူပ်ရေးမှူ ဦးကျော်အောင်သည် သေနတ်ဒဏ်ရာ ၅ ချက် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
”ညနေ ၃ နာရီ ကျောင်းလွှတ်ခါနီးပေါ့ အောင်မေတ္တာ ရပ်ကွက် အ.လ.က (၂)ကျောင်းရှေ့မှာပဲ ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတယ် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ရာမညပျောက်ကျားတပ်ဖွဲ့ (R.G.F) ကတော့ တိုင်ကြားစာများ အဆက်မပြတ်ရောက်ရှိနေသည့်အတွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“အောင်မေတ္တာအုပ်ကြီးသည် စစ်ကောင်စီနှင့် ပူပေါင်းပြီး ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ငွေညှစ်ခြင်းများအပြင် စစ်ကောင်စီထံ မဟုတ်မမှန်သတင်းများပေးပို့ပြီး ပြည်သူများအပေါ် မတရားဖမ်းဆီးမှုများ အဆက်မပြတ်ပြုလုပ်ကျူးလွန်နေသည်” ဟု ရာမညပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယခင်ကလည်း သေနတ်ဖြင့် ပစ်ခတ်ခံရသလို ဗုံးဖြင့်လည်း ပစ်ပေါက်ခံရမှုရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။
၎င်းပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း အောင်မေတ္တာရပ်ကွက် ရာအိမ်မှူးတစ်ဦး အ.လ.က (၂) ကျောင်းရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။
ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးတွေ၊ ဝန်ထမ်းတွေနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲခံရသူတွေကို ဒေသတွင်း လှုပ်ရှားနေသည့် တပ်ဖွဲ့တွေက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။