Homeသတင်းမွန်ပြည်သစ်ပါတီ အမျိုးသားကျန်းမာရေးဌာန နှစ် ၅၀ ပြည့် ညီလာခံကျင်းပ

မွန်ပြည်သစ်ပါတီ အမျိုးသားကျန်းမာရေးဌာန နှစ် ၅၀ ပြည့် ညီလာခံကျင်းပ

-

မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားကျန်းမာရေးဌာန Mon National Health Committee (MNHC) ၏ နှစ် ၅၀ ပြည့်ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပလျှက်ရှိကြောင်း သိရသည်။

မွန်အမျိုးသားကျန်းမာရေးဌာန ညီလာခံကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်းတွင် ကျင်းပလျှက်ရှိပြီး ညီလာခံတွင် ရှေ့ဆက်မည့် မွန်အမျိုးသားကျန်းမာရေးဌာန၏ မူဝါဒလမ်းစဉ်များ ချမှတ်သွားရန်ရှိကြောင်း မွန်အမျိုးသားကျန်းမာရေးဌာန တာဝန်ခံ နိုင်သူရဌေးက ဆိုသည်။

”ညီလာခံကြီးရဲ့ အဓိကရည်ရွယ်ချက်က နှစ်ခုရှိတယ်ပေါ့လေ၊ နှစ် ၅၀ ပြည့်မြောက်တဲ့အတွက် ကျွန်တော်တို့ကျန်းမာရေးဌာနရာဇဝင်ကြောင်းတစ်လျှောက် ပြောပြဖို့ရှိတယ် နောက်တစ်ခုက ကျွန်တော်တို့ကျန်းမာရေးဌာန ရှေ့ဆက် ဘယ်လိုလျှောက်လှမ်းမလဲ မူဝါဒချမှတ်သွားဖို့ရှိတယ်၊ ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ဆေးဆရာတွေကနေ အကြံပြုချက်လေးတွေ ရယူသွားမှာပေါ့” ဟု နိုင်သူရဌေး ပြောသည်။

မွန်အမျိုးသားကျန်းမာရေးဌာနသည် နှစ် ၅၀ ပြည့်မြောက်လာခဲ့သော်လည်း  ဝန်ထမ်းဦးရေးမတည်ငြိမ်ခြင်းနှင့် စက်ပစ္စည်းကိရိယာ မလုံလောက်သည့်ပြဿနာများနှင့် ရင်ဆိုင်ရဆဲဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

၎င်းပြင် မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင်းက ဒေသခံများ ကျန်းမာရေးနှင့် ပတ်သတ်ပြီး အဆင်ပြေစေရန် ဆေးရုံကြီး ထပ်မံဖွင့်လှစ်နိုင်ရန်လည်း ကြိုးပမ်းလျှက်ရှိကြောင်း နိုင်သူရဌေးက ဆက်ပြောသည်။

“ဒီနှစ် ၅၀ အတွင်းမှာဆိုရင် ကျွန်တော်တို့ ဆေးရုံကြီးတစ်ခု ဖွင့်လှစ်လာနိုင်ခဲ့တယ် ဒီလိုဆေးရုံကြီးလိုပဲ ထားဝယ်ခရိုင်ဘက်မှာ ခွဲစိတ်ခန်းတို့ ဆေးပေးခန်းတို့ အဲလို အလယ်လတ်တန်းစားရှိတဲ့ ဆေးရုံတစ်ခုဖွင့်လှစ်ဖို့ ကျွန်တော်တို့ကြိုးပမ်းနေပါတယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ဗဟိုအမျိုးသားကျန်းမာရေးဌာနကို လွန်ခဲ့သည့် ၁၉၇၂ က စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသက ဒေသခံတွေသာမက ဝေးလံခေါင်သီးသည့်ဒေသက ပြည်သူတွေကလည်း မွန်ပြည်သစ်ပါတီ၏ ကျန်းမာရေးဌာနကိုသာ အဓိက အားကိုးနေရသည်။

လက်ရှိတွင် မွန်အမျိုးသားကျန်းမာရေးဌာန​အောက်က ပနန်းပုံပြည်သူ့ဆေးရုံကြီး ၁ ခု၊ အလယ်အလတ်အဆင့်ရှိ ဆေးရုံကြီး ၁၇ ခု၊ ဆေးပေးခန်း ၁၈ ခုဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းပေါင်း ၁၃၂ ဦးတို့ဖြင့် ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာများကို ကုသပေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts